ကုန်ကြမ်းပစ္စည်းများ စျေးအဆမတန်မြင့်တက်နေ၍ ရခိုင်ဖိုင်ဘာစက်လှေလုပ်ငန်း ရပ်နားနိုင်ခြေရှိ

ကုန်ကြမ်းပစ္စည်းများ စျေးအဆမတန်မြင့်တက်နေ၍ ရခိုင်ဖိုင်ဘာစက်လှေလုပ်ငန်း ရပ်နားနိုင်ခြေရှိ

ဖိုင်ဘာစက်လှေ ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ကာ စျေးနှုန်းအဆမတန် မြင့် တက်နေ၍ ရခိုင်ဖိုင်ဘာစက်လှေ လုပ်ငန်းများ ကုန်ထုတ်လုပ်မှုအပိုင်းတွင် အခက်ခဲကြုံနေရပြီး လုပ်ငန်းရပ်နား ထားရမည့် အခြေအနေရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရခိုင်မှ ဖိုင်ဘာစက်လှေလုပ်ငန်းများ အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ တင်သွင်းလာသည့် ကုန်ကြမ်း ပစ္စည်းများအား ရန်ကုန်မှတဆင့် မှာယူနေရခြင်းဖြစ်ပြီး ယခုလထဲတွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ကာ စျေးနှုန်း အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မြေပြိုပျက်စီးနောက် ပြည်တွင်းသို့ကုန်ကြမ်းပစ္စည်း မတင်သွင်းနိုင်ဘဲရှိ ရာ ရန်ကုန်မှတဆင့်မှာယူရသည့် လက်ကျန်ကုန်ပစ္စည်းများမှာလည်း စျေးအဆမတန်မြင့်တက်နေသည်ဟု မြေပုံ မြို့နယ်၊ သရက်တောင်ကျေးရွာမှ ဖိုင်ဘာစက်လှေလုပ်ငန်းရှင် ဦးမောင်သန်းမြင့်ကပြောသည်။

“ကျွန်တော်တို့ အခုလက်ရှိလုပ်နေရတဲ့ အခြေအနေမှာဆိုရင် ပစ္စည်းတွေကိုမှာယူလို့ မရတဲ့ အခြေအနေ ဖြစ်နေ ပါတယ်။ ကျွန်တော်တို့မှာက ပစ္စည်းတွေက ပြည်ပကလာတာတွေကို ရန်ကုန်ကတဆင့် ဝယ်ယူနေရတယ်လေ။ အာရှလမ်းမကြီး ပိတ်သွားပြီးနောက်ပိုင်း နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းဖြစ်လို့ ပစ္စည်းစျေးက အဆမတန် တက်နေပါတယ်” ဟု ပြောသည်။

မြေပုံမြို့နယ် တစ်ခုလုံးတွင် ဖိုင်ဘာစက်လှေလုပ်ငန်း ၇ ခုခန့် အထိရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ခန့်မှစ၍ ဒေသ တွင်း ရေလုပ်ငန်းများအတွက် စက်လှေများကို အဓိက ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်သည်။

ဖိုင်ဘာ စက်လှေပြုလုပ်ရာတွင် Resin ကော်ရည်၊ Mat လိပ်(ဖျင်လိပ်)၊ Hadaner ခြောက်ဆေးရည်၊ Monomer ဆေးရည်၊ ကျောက်မှုန့်၊ ဖယောင်းတို့ အပါအဝင် ကုန်ကြမ်းပစ္စည်း စုစုပေါင်း ၁၃ မျိုးခန့်အသုံးပြုရပြီး ထိုပစ္စည်း များ အားလုံးမှာ စျေးအဆမတန် မြင့်တက်နေခြင်း ဖြစ်သည်။

ထိုအထဲမှ ဖိုင်ဘာစက်လှေ ပုံသွင်းသွန်းလောင်းရာတွင် ကနဦးအဆင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် Resin ကော်ရည် တစ်ပေပါကို ဇူလိုင်လအတွင်းက ၁၇ သိန်းခွဲရှိရာမှ ယခုဩဂုတ်လတွင် ၂၂ သိန်းကျော်၊ Mat 450 (ဖျင် လိပ်) တစ်လိပ်မှာ ယခင်လက ၁၇၀၀၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၂ သိန်းကျော်ထိ စျေးမြင့်သွားသည်။

ကုန်ကြမ်းပစ္စည်းများ အဆမတန်စျေးနှုန်း မြင့်တက်မှုကို လိုက်၍ စက်လှေများကို စျေးနှုန်းမြင့် ရောင်းရန်လည်း ဒေသ အခြေအနေအရ မဖြစ်နိုင်သည့်အတွက် လက်ကျန်ကုန်ပစ္စည်းများ ကုန်လျှင် လုပ်ငန်းရပ်နားထားရမည့် အခြေအနေ ရှိကြောင်း မြေပုံမြို့နယ်၊ သဝင်စေ့ကေကျေးရွာမှ M ဖိုက်ဘာ စက်လှေလုပ်ငန်းရှင် ကိုဇော်မင်းဦးက ပြောသည်။

“အခုက ကုန်ကြမ်း ပစ္စည်းစျေးကြောင့် တစ်လမှာ စက်လှေလေးငါးစီး လုပ်ဖို့တောင် မလွယ်တော့ဘူး။ သုံးလေး စီးပဲ လုပ်ပြီး ရပ်နားနေရတာတွေရှိတယ်။ လက်ထဲမှာရှိတဲ့ ကုန်ပစ္စည်းနဲ့ပဲ လုပ်နေရတယ်။ ကျွန်တော်တို့ လက်ထဲ မှာရှိတဲ့ ကုန်ပစ္စည်းတွေ ကုန်တာနဲ့ ရပ်နားထားရမယ့်အခြေအနေရှိနေတယ်” ဟု ပြောသည်။

လက်ရှိ ဖိုင်ဘာစက်လှေများကို အရှည် ပေ ၃၀ တစ်စင်းလျှင် ၂၆ သိန်း၊ ၂၅ ပေတစ်စင်းကို ၁၈ သိန်းအစရှိသဖြင့် စက်လှေ အရွယ်အစားအလိုက် ရောင်းချနေရပြီး ဒေသတွင်း ရေလုပ်ငန်းများက အဓိကဝယ်ယူကြ ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

M ဖိုင်ဘာစက်လှေ လုပ်ငန်းရှင် ကိုဇော်မင်းဦးက “အခုကုန်ပစ္စည်းတွေ မှာယူလို့မရသလို စျေးလည်း အရမ်းကြီး တော့ စက်လှေတွေ ရောင်းတဲ့အခါ ဝယ်သူတွေ မနည်းပြောပြပြီးတော့ စျေးနှုန်းနည်းနည်း မြင့်ရောင်းနေရ ပါ တယ်။ ဒါပေမယ့် ဆက်ပြီး ကုန်ပစ္စည်းစျေးတွေ ဆက်ကြီးနေမယ်ဆိုရင် အဲဒီ ဈေးနှုန်းကို လိုက်ပြီး စျေးမြင့် ရောင်းဖို့က မဖြစ်နိုင်ဘူးလေ။ တချို့ဒီမှာရှိတဲ့ လုပ်ငန်းတွေကလည်း ရပ်နားထားဖို့ စဉ်းစားနေကြတယ်လို့ ကျွန်တော်တို့ကို ပြောတာရှိတယ်” ဟု ပြောသည်။

ဖိုင်ဘာစက်လှေများသည် သစ်သားလှေလောက် ပြုပြင်ထိန်းသိမ်းစရာမလိုဘဲ တာရှည်ခံသုံးနိုင်သည့် အတွက် ရခိုင်ဒေသတွင် သစ်ထွင်းလှေများ နေရာတွင် ဖိုက်ဘာစက်လှေများကို အစားထိုးကာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့တွင် ဖိုင်ဘာ စက် လှေများကို အဓိကထုတ်လုပ်နေခြင်းလည်း ဖြစ်သည်။

ဩဂုတ်လ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီး၏ တောနော်ရေတံခွန်အနီးရှိ လမ်းပိုင်းပြိုကျပျက်စီးပြီးနောက် သွားလာခွင့် ပိတ်ထားရာ ကုန်ပစ္စည်း များတင်သွင်းမှုလည်း ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းနေရာတွင် ဩဂုတ်လ ၂၅ ရက်နေ့၌ ဘေလီတံတားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ လမ်းပြန်ဖွင့်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနေပြီ ဖြစ်သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...