ရမ်းဗြဲတွင် ထင်းနှင့်သစ်စက်လှေများထံမှ စစ်ကောင်စီရေတပ်က ငွေကြေးတောင်းခံနေ

ရမ်းဗြဲတွင် ထင်းနှင့်သစ်စက်လှေများထံမှ စစ်ကောင်စီရေတပ်က ငွေကြေးတောင်းခံနေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ဒေသအတွင်း ထင်းနှင့် သစ် စက်လှေများကို စစ်ကောင်စီ ရေတပ်သင်္ဘော တစ်စီးက အတင်းအဓမ္မ ငွေကြေး တောင်းခံနေသည်။

ရမ်းဗြဲမြို့နယ်၊ စပါးကြီးကျွန်းကြား နှင့် ငါးယက်ကြီးကျွန်းကြား ရပ်နားထားသည့် ရေတပ်သင်္ဘောက ဒေသခံ ပြည်သူများ လုပ်ကိုင် စားသောက်နေသည့် ထင်းနှင့် သစ် စက်လှေများကို ခေါ်ယူစစ်ဆေးပြီး တစ်စီးကို ငွေကျပ်  ၅ သိန်းအထိ ငွေညှစ်တောင်းခံမှု ရှိနေကြောင်း စက်လှေပိုင်ရှင်များက ပြောသည်။

“သစ်ဘုတ်၊ ထင်းဘုတ်တွေကို စစ်ဆေးမေးမြန်းပြီးရင် အနည်းအများ အပေါ်မူတည်ပြီး တောင်းတယ်။  တစ်စီး ကနေ ၅ သိန်း အထိ တောင်းတယ်။ ငွေကျပ် ၅ သိန်း မပါလာသူတွေကိုကျတော့ ဖုန်းနံပါတ်တွေတောင်းတယ်။ ဖုန်းနံပတ်တွေယူတယ်။ ဘုတ်တွေကို ဓာတ်ပုံရိုက်ယူထားတယ်။ ဘုတ်လိုင်စင်တွေကို ဓာတ်ပုံရိုက်တယ်။ ပြီးရင် သူတို့ကို ငွေထပ်လွှဲပေးရမယ်လို့ ခြိမ်းခြောက်တယ်။ ကြောက်တော့လည်း လွှဲပေးကြရပါတယ်” ဟု အမည် မဖော်လိုသူ စက်လှေသမားတစ်ဦးက ပြောသည်။

ငွေကြေးပေးဆောင်နေရသည့် စက်လှေသမားများမှာ ဝန်ဖိုက်ဒီရေတောကို အမှီပြုကာ တစ်နိုင်တစ်ပိုင် လုပ်ကိုင် စားသောက်နေရသည့် သာမန် အရပ်သားများဖြစ်ကြပြီး ငွေကြေးတောင်းခံမှုများကြောင့် ဝမ်းရေးအတွက် လုပ် ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်နေကြရသည်ဟု ၎င်းတို့က ပြောသည်။

သစ်တောကို ထိန်းသိမ်းလို၍ ဥပဒေနှင့်အညီ စိစစ်လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တမင်ငွေညှစ်နေသည့် လုပ်ရပ် မှာ မဖြစ်သင့်ဟု အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကိုမျိုးလွင်က နိရဉ္စရာကို ပြောသည်။

“ဖမ်းတယ်ဆိုလို့ရှိရင် ပိုက်ဆံပေးလို့ မရပါဘူး။ ပိုက်ဆံပေးလို့ရတယ် ဆိုတာကတော့ ဒေသခံတွေကို ညစ်လို့ ရလို့ ညစ်တယ်လို့ ပြောလို့ရတယ်။ အမှန်က သစ်တောဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် လုပ်တယ်ဆိုလို့ရှိရင် သစ်လုံးဝ မခုတ်ရဆို မခုတ်ရပုံစံဖြစ်ရမယ်” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် (AA)တို့ အုပ်ချုပ်ရေး အားပြိုင်နေသည့်ရခိုင်တွင် စစ်ကောင်စီက အုပ် ချုပ်ရေး အာဏာပြလိုသည့် သဘောလည်း သက်ရောက်သည်ဟု ကိုမျိုးလွင်က ဆက်ပြောသည်။

ကိုမျိုးလွင်က “တဖက်မှာက သူတို့အုပ်ချုပ်ရေးယန္တရားတွေ ဒီနေရာအထိလည်း ရှိတယ်ဆိုတာကို ပြချင်တာပါ မယ်။ နောက်ပြီး အေအေ အုပ်ချုပ်ရေး ယန္တရားရှိတဲ့နေရာမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် အသက် မွေးဝမ်း ကြောင်းပြုလို့ မရဆိုတဲ့ ပုံစံမျိုးကို သူတို့ ပြတာလည်း ပါပါတယ်” ဟု ပြောသည်။

မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူမှုစီးပွါးဘဝ ထိခိုက်ပျက်စီးမှုများခဲ့သည့် ရခိုင်တွင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး နှင့် သွားလာရေးများတွင် စစ်ဆေးရေးတင်းကျပ်မှုများ၊ မတရား ငွေကြေးတောင်းခံ နေမှုများကြောင့်လည်း လုပ်ကိုင်စားသောက်ရေးတွင် အခက်အခဲများ ရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...