ရခိုင်တွင် စစ်ဘေးရှောင်များအား ထောက်ပံ့သည့်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ပြန့်စွာ တွေ့လာရ

ရခိုင်တွင် စစ်ဘေးရှောင်များအား ထောက်ပံ့သည့်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ပြန့်စွာ တွေ့လာရ

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကိုထောက်ပံ့သည့် ပစ္စည်းများအား စျေးကွက် အတွင်း အများအပြားတွေ့လာရသည်ဟု ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

အတွေ့များလာသည့် ပစ္စည်းများမှာ အမျိုးသမီး လစဥ်သုံးပစ္စည်းများ၊ ဆန်၊ မျက်နှာသုတ်၊ တာပေါ်လင်၊ သွား တိုက်တံစသည့် ကယ်ဆယ်ရေးအသုံးအဆောင်များဖြစ်သည်ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လစဥ်သုံး ပစ္စည်းတွေက အမြဲတမ်း စစ်တွေစျေးမှာ တွေ့ရတယ်။ လစဥ်သုံးတွေက ပုံမှန်စျေး ၁၀၀၀ ကျပ်ဆိုရင် အဲဒီက ၀ယ်ရင် ၈၀၀ ကျပ်လောက်ပဲပေးရတယ်” ဟု ပြောသည်။

ထို့အပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) တံဆိပ်ပါ၀င်သည့် စာအုပ်၊ ခဲတံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တံဆိပ်ပါသည့် မျက်နှာသုတ်၊ တာပေါ်လင်များအား စစ်တွေအပြင် တခြားမြို့နယ်ရှိ စျေးများတွင်လည်း ပေါ်ပေါ်တင်တင် ရောင်းချနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

မိုခါပြီးနောက် ကယ်ဆယ်ရေး ဆန်များကိုလည်း စျေးကွက်တွင် တွေ့ရကြောင်း  အမည်မဖော်လိုသည့် အုပ်ချုပ် ရေးမှူး တစ်ဦးက ဆိုသည်။

“ဆန်က စျေးကွက်မှာတွေ့ရတာက ကယ်ဆယ်ရေးပစ္စည်းတွေ ယူဖို့အတွက် ကျသင့်တဲ့ခရီးစရိတ်ကို ပေးလာတဲ့ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မပေးတော့ ဒီဖက်က ပစ္စည်းတွေ စျေးကွက်ရောက်ကုန်တာပါ” ဟု ပြောသည်။

အမျိုးသမီး လစဥ်သုံးပစ္စည်းများ စျေးကွက်သို့ ရောက်လာခြင်းမှာ စစ်ဘေးရှောင်များ၏ စား၀တ်နေရေး အခက် အခဲများကြောင့်ဟု ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ခေါင်းဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒါကတော့ နှစ်ပိုင်းရှိမယ်။ တစ်ပိုင်းက ပေးတဲ့လူတွေက အမျိုးသမီး အရေအတွက်ကို ကြည့်ပြီးမှ ပေးတာ မဟုတ်ဘူး။ အိမ်ဆီလိုက်ပေးတဲ့အခါ မိန်းကလေးငယ် မရှိတဲ့အိမ်မှာ pad ထုပ်တွေပိုနေလို့ စျေးအနည်းနဲ့ ထုတ် ရောင်းတာရယ်။ တချို့အိမ်တွေမှာက စား၀တ်နေရေး မလောက်ငတာကြောင့် အသုံးလိုပေမဲ့ ထုတ်ရောင်း တာ ရယ်ရှိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ စျေးကွက်သို့ ရောက်ရှိလာသည့်ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ကြီးကြပ်သင့်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ထောက်ပြကြသည်။

အရပ်ဖက်အဖွဲ့အစည်းမှ  လူငယ်တစ်ဦးက “ဒီလို အကြောင်းအရာတွေက မဖြစ်သင့်ဘူး။ ကျမတို့လည်း စျေးထဲ မှာ အမြဲတွေ့နေရတယ်။ ဒါကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးသင့်တယ်။ တချို့ ပစ္စည်းတွေဆို ကူညီလိုတဲ့ လူတွေဆီ လုံး၀မရောက်ဘဲ တခါတည်း စျေးကွက်ကို ရောက်လာတယ်။ ဒါက မဖြစ် သင့်ဘူး” ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ သိရှိိနုင်ရန် UNHCR အပါအ၀င် တခြားအဖွဲ့များနှင့် အဆက်အသွယ်ရရှိရန် ကြိုစားနေဆဲ ဖြစ်သည်။

ရခိုင်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇ သောင်းခန့်ရှိနေသေးသည်။

အလားတူ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်း စစ်တွေ၊ မြေပုံနှင့် ကျောက်ဖြူ စသည့် မြို့ နယ်များတွင် IDP ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသေးသည်။

စစ်ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကို အစိုးရက ကူညီထောက်ပံ့ခြင်းများ မရှိတော့၍ နိုင်ငံတကာ အဖွဲ့ အစည်းများကသာ ကူညီထောက်ပံ့နေရခြင်းဖြစ်သည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...