စစ်ကောင်စီ လက်နက်ကြီး ပစ်မှုကြောင့် မူဆယ်မြို့နယ်ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကောင်စီ လက်နက်ကြီး ပစ်မှုကြောင့် မူဆယ်မြို့နယ်ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ တီးမကျေးရွာအုပ်စုအတွင်းရှိ လုံကာကျေးရွာအတွင်းသို့ စစ်ကောင်စီက လက် နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု ပြောသည်။

သြဂုတ်လ ၄ ရက်နေ့ ညပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့သည် တီးမကျေးရွာအုပ်စုအတွင်းရှိ လုံကာကျေးရွာ နှင့် မိုင်းယကျေးရွာအုပ်စုမှ မန်ဖာကျေးရွာတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့် အတွက် လုံကာကျေးရွာ နှင့် မန်ဖာကျေးရွာများ ပြည်သူများသည် ရွာလုံးကျွတ် စစ်ရှောင်နေရကြောင်း ဒေသခံ များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီက ရွာထဲကို လက်နက်ကြီး နဲ့ ပစ်လို့ သူ့တို့ကြောက်လို့တဲ့ မန်ဖာရွာကဆိုရင် ညတွင်းချင်း ပြေးလာ ကြတာ၊ ထိခိုက်မှုတော့ မရှိဘူးပေါ့။ လုံကာကျေးရွာကလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာပြီး တီးမကျေးရွာ ထဲက အမျိုးအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ လာခိုလှုံနေကြတာ။ အခုချိန်ထိ မပြန်နိုင်ကြသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အိမ်ထောင်စု လေးဆယ်ကျော်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည့် စစ်ရှောင်များသည် တီးမကျေးရွာ အတွင်း သို့ ခိုလှုံနေထိုင်လျက်ရှိပြီး စားသောက်ရေး နှင့် နေထိုင်မှုများကို ဒေသခံများက အချင်းချင်း ကူညီပေး လျက်ရှိကြသည်။

ထို့အပြင် စစ်ရှောင်များ တီးမကျေးရွာအတွင်း ရောက်ရှိလာပြီးသည့်နောက် အင်အား ၃၀ နီးပါးရှိသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်း တစ်ခုသည် တီးမကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အရပ်သားနေအိမ်များ၌ ဝင်ရောက်နေထိုင်လျက်ရှိသည်။

“TNLA အင်အားက ၃၀ လောက်ရှိတယ်။ တီးမရွာထဲက အရပ်သားအိမ် ၆/၇ အိမ်လောက်မှာ ခွဲပြီးနေနေကြတာ၊ အိမ်ရှင်တွေက ခွင့်မပြုချင်ပေမဲ့ မတားရဲဘူး။ တစ်ဖက်ကလည်း စစ်ကောင်စီ ရွာထဲကို လက်နက်ကြီး ပစ်လာမှာ ကြောက်ရတယ်။ TNLA ကလည်း ဘာလို့ ရွာထဲဝင်ပြီး အရပ်သားအိမ်မှာ နေနေကြသလဲ မသိဘူး” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံကာကျေးရွာနှင့် မန်ဖာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေစဥ်တွင်လည်း TNLA တပ်သားများက ကျေးရွာအတွင်း ရှိနေကြခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေများကြောင့် ရွာသားများက စိုးရိမ်ထိတ်လန့်နေကြသည်။

ယင်းကဲ့သို့ အရပ်သားနေအိမ်များထဲ ဝင်ရောက်နေရာယူသည့် ကိစ္စအပြင် စစ်ရေးအခြေအနေများနှင့် ပတ်သက် ၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ နှင့် ပြန်ကြား ရေး ဌာနထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေး တက်နေသေးသည့် အတွက် ဖြေကြားရန် အဆင်မပြေသေးကြောင်း သျှမ်းသံတော်ဆင့်ကို အကြောင်းပြန်ခဲ့သည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...