AA ထံမှ တိုက်ယူထားရသည့် ရွာနှစ်ရွာမှ ထွက်မပေးနိုင်ဟု စစ်ကောင်စီတပ်ပြော

AA ထံမှ တိုက်ယူထားရသည့် ရွာနှစ်ရွာမှ ထွက်မပေးနိုင်ဟု စစ်ကောင်စီတပ်ပြော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အိမ်ခြေ ၄၀ ကျော်ခန့်ရှိသည့် နပျိုးချောင်း (ငှက်ပျောချောင်း)နှင့် ဖရုံချောင်းကျေးရွာအား စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) ထံမှ တိုက်ယူထားခြင်းဖြစ်၍ ရွာထဲကနေ ထွက်မပေးနိုင်ကြောင်း ပြောဆိုလာသည်ဟု ကျေးရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပစ်ခတ်ရပ်ခဲ့ပြီး တပတ် အကြာ ဒီဇင်ဘာလမှ စတင်ကာ စစ်ကောင်စီ လက်အောက်ခံ တပ်မ (၂၂) က နပျိုးချောင်းနှင့် ဖရုံချောင်းကျေးရွာ တို့တွင် ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် တပ်မ (၂၂)က တပ်ဖွဲ့ဝင် (၄)ဦး ထွက်ပြေးသွားပြီးနောက် မေလ (၄) ရက်နေ့မှစတင်ပြီး ကျေးရွာသားများအား စစ်တပ်က ကျေးရွာထဲမှ နှင်ထုတ်ခဲ့ခြင်းသည်။

ထိုအချိန်မှစတင်၍ လက်ရှိအချိန်ထိ ကျေးရွာသားများကို ကျေးရွာအတွင်းသို့ အဝင်မခံသကဲ့သို့ ရွာသားများပိုင် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ခွင့်လည်း မရကြောင်း ရွာသားများက ပြောသည်။

ရွာသားများအနေဖြင့် ကျေးရွာအတွင်း၌ နေထိုင်ရန် တောင်းခံသည့်အပေါ် စစ်တပ်အနေဖြင့် ၎င်းကျေးရွာ နှစ်ရွာ ကို AA ထံမှ တိုက်ယူထားခြင်း ဖြစ်သည့်အတွက် မထွက်ပေးနိုင်ကြောင်း ပြောဆိုလာသည်ဟု အမည်မဖော်လို သည့် ဖရုံချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

ဖရုံချောင်း ကျေးရွာသားတစ်ဦးက “အရင်သွားပြောတဲ့ အခေါက်တွေ လုပ်ပေးမယ် ဘာညာ ပြောတယ်။ အခုက ရွာထဲကို လုံးဝ ပေးမဝင်တော့ဘူး။ ရွာကို AA နဲ့ တိုက်လို့ သိမ်းယူထားတယ်လို့ ပြောလာတယ်။ ဒါကြောင့် သူတို့ မထွက်ပေးနိုင်ဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

ကျေးရွာတွင် မနေထိုင်ရသည့်အတွက် ဒေသခံများအနေဖြင့် လယ်ယာများ ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိသလို အလုပ်အကိုင်လည်း မရှိ၍ စားဝတ်နေရေး၊ နေထိုင်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။

မြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများတွင်လည်း ခိုလှုံရန် အခက်အခဲရှိနေသည်ဟု ဖရုံချောင်းမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ သွားနေဖို့ကလည်း အဲဒီမှာ လုပ်စားဖို့ မတတ်တဲ့ လူတွေများတယ်။ ကယ်ဆယ်ရေးပေးတဲ့ ဆန် လောက်နဲ့က ဘာမှ ဝယ်မစားနိုင်ဘူး။ ရွာမှာဆိုရင် တခုမှ စားစရာမရှိရင် ငါး ရှာစားလို့ရတယ်။ ဟင်းခူး စားလို့ ရတယ်။ မြို့ပေါ်မှာက ပိုက်ဆံရှိမှ အဆင်ပြေမှာလေ။ အဲ့ဒါကြောင့် မသွားချင်ဘူး” ဟု ပြောသည်။

လက်ရှိတွင် ယင်းရွာသားများမှာ နီးစပ်ရာ အခြားကျေးရွာများနှင့် ဆွေမျိုးများရှိသည့် ကျေးရွာများတွင် ခိုလှုံနေရကြောင်း နပျိုးချောင်း ကျေးရွာသားတစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ဖရုံချောင်းကျေးရွာတွင် အိမ်ခြေ ၁၈ ဆောင်နှင့် နပျိုးချောင်း ကျေးရွာတွင် အိမ်ခြေ ၂၃ ဆောင်ရှိပြီး နှစ်ရွာပေါင်း လူဦးရေ ၁၀၀ ကျော် ရှိသည်။

Most read this week

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...