သံတောင်ကြီး တိုက်ပွဲပြင်းထန်၊ လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်

သံတောင်ကြီး တိုက်ပွဲပြင်းထန်၊ လေယာဉ်ဖြင့် လာရောက် တိုက်ခိုက်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ယာဒိုကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ် ကောင်စီတပ်က လေယာဉ်နှင့် လာရောက်တိုက်ခိုက်ခဲ့သည်အထိ ဖြစ်ပွားခဲ့သည်ဟု လက်ရှိ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသအတွင်းက စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ (ယနေ့) မနက် ၉ နာရီကျော် အချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ လက်ရှိ စစ်ရေးပဋိပက္ခ ဒေသအတွင်းက စစ်ဘေးရှောင်များကို အကူအညီပေးနေ သူ ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မနက်ခင်းကတည်းက စချနေတာ အခုအချိန်အထိ မပြီးသေးဘူး။ အသံတွေက ကြားနေရတုန်းပဲ ဟိုဖက်က တောက်လျှောက်ပစ်တုန်းပဲ ပစ်တုန်းပဲ ဆိုပြီး သတင်းလှမ်းပို့တာ ၂ ဖက်ရဲ့ အထိအခိုက် အကျအဆုံးတော့ မသိရ သေးဘူး။”

စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းရှိရာ ကလေထ ကျေးရွာဖက်ကနေ တော်လှန်ရေးတပ်ဖွဲ့များကို ပစ်ခတ် နေသလို  တော်လှန်ရေးအင်အင်းစုများကလည်း ကလေထနှင့် မျက်နှာချင်းဆိုင် ဝါသောခိုကျေးရွာဖက်ကနေ စစ်ကောင်စီတပ်ကို ပစ်ခတ်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု လက်ရှိ စစ်ရေးပဋိပက္ခ ဒေသအတွင်းက စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ဒေသခံက ဆိုသည်။

လက်ရှိအချိန်အထိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဖက်က လေကြောင်း ပစ်ခတ်မှုများကို အသုံးပြုသည့်အထိ ပြင်းထန်နေသည်ဟု စစ်ဘေး ရှောင် များကို အကူအညီပေးနေ သူ ဒေသခံ က ယခုကဲ့သို့ ဆက်ပြောသည်။

“စစ်တပ်ဖက်ကနေပြီးတော့ လေ ယာဉ်နဲ့ နှစ်ကြိမ် သုံးကြိမ်နီးပါးလောက် လာပစ်တယ်။ ပစ်တော့ ယာဒိုရွာထဲ တော့ မဟုတ်ဘဲနဲ့ အဲဒီသူတို့နဲ့ မျက်နှာချင်းဆိုင်ပစ်နေတဲ့ ဝါသောခိုရွာထဲကို လာကြဲတာပေါ့နော်။ အဲ့ထဲကို လာ ကြဲတာပေါ့ လာပစ်တာပေါ့။”

တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသေးသော်လည်း လူနေအိမ် ထိမှန်ပျက်စီးမှုများရှိသည်ဟု ဆိုသည်။

ယာဒိုကျေးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိပြီး ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာ ဖြစ်သည်။ပရယ်ဇော်၊ ဝါဘန်းခို၊ ကလေထ၊ တပ်ကုန်း စသည့်ကျေးရွာများ ပေါင်းထားသည့် ရွာကို ယာဒိုကျေးရွာဟု ခေါ်သည်ဟု ဒေသခံများက ပြောသည်။

ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က တိုက်ပွဲစတင် ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲမှာ ရပ်တန့်သွား ခြင်းမရှိပဲ ဆက်လက်ဖြစ်နေသည့်အပြင်  ဒေသခံများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...