ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် ပညာရေးအဖွဲ့များ ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ အဆင့်မြင့်ပညာရေးနှင့်သက်မွေးပညာရေး ညီလာခံက တိုက်တွန်းသည်။
တန်းတူညီမျှမှုရှိပြီး အရည်အသွေးပြည့်မီသော ဖက်ဒရယ်ပညာရေးစနစ် ဖန်တီးရန်၊ ကြားကာလမှအသွင်ကူးပြောင်းရေးကာလအတွင်း သင်ကြားမှုအရည်အသွေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အာမခံနိုင်မည့်နည်းလမ်းများဖော်ထုတ်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဧပြီ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ အဆိုပါညီလာခံကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် ညီလာခံဖြစ်မြောက်ရေး ပညာရေးအဖွဲ့များက မေလ(၃၀)ရက်နေ့တွင် အွန်လိုင်းဖြင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ပြည်နယ်ဖက်ဒရယ်ယူနစ်/ပြည်ထောင်စုအစိုးရအနေဖြင့် ပညာရေးတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေကြသည့် CDM များကို လခပေးပြီး ဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန် တောင်းဆိုထားသည်။
ညီလာခံအတွင်း အဆင့်မြင့်ပညာရေးနှင့်သက်မွေးမှုပညာနှင့်သက်ဆိုင်သည့် ခေါင်းစဥ်(၁၈)ခုကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး CDM ဝန်ထမ်းများကို ဂုဏ်သိက္ခာရှိစွာ ထောက်ပံ့ပေးရေး ပါဝင်သော အချက်(၂၂)ချက်ကို ဆုံးဖြတ်သဘောတူခဲ့ကြသည်ဟု ညီလာခံက ဆိုသည်။
ထို့အတူ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ-IFEC မှ ရေးဆွဲမည့် ပဋိညာဥ်အတွင်း CDM များကို ဝန်ထမ်းခန့်ထားရေးနှင့်ပတ်သက်၍ ထည့်သွင်းစဥ်းစားပေးရန်နှင့် တက္ကသိုလ်အလိုက် စည်းမျဥ်းများရေးဆွဲ၍ မိတ်ဖက်တက္ကသိုလ်များနှင့်ဝေမျှပေးရန်ကိုလည်း ညီလာခံက အကြံပြုဖော်ပြသည်။
ဝန်ထမ်းခန့်ထားရေးအပိုင်းတွင် သက်ဆိုင်ရာ ပြည်နယ်ယူနစ်/ ပြည်ထောင်စုအစိုးရ/ ဗဟိုအစိုးရများနှင့် ဆွေးနွေးရေး ချိတ်ဆက်လုပ်ဆောင်ကြမည်ဖြစ်သလို တက္ကသိုလ်များ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝန်ထမ်းရာထူးတိုးမြှင့်ခြင်းများ လုပ်ဆောင်ရန်ကိုလည်း ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် IFEC အောက်တွင် သက်မွေးပညာရေးနဲ့သက်ဆိုင်သော သင်ရိုးညွှန်းတမ်းများ ထည့်သွင်းရေးဆွဲရန်ရှိသလို ဖက်ဒရယ်ယူနစ်များတွင်လည်း သက်မွေးပညာကောင်စီများ ဖွဲ့စည်းလာနိုင်သည့် အခြေအနေရှိသည်ဟု ညီလာခံဦးဆောင်ပါဝင်ခဲ့ကြသူများက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလပိုင်းက(၅)ရက်ကြာ ပြုလုပ်သွားသည့်ညီလာခံတွင် NUG, အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH တို့လည်း ပါဝင်သည်။
ထို့အပြင် တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၊ သက်မွေးပညာကျောင်းတာဝန်ရှိသူများ၊ ပညာရှင်များ၊ မြန်မာပညာရေးလေ့လာသူများ၊ CDM ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများလည်း ပါဝင်ခဲ့ကြကြောင်း ညီလာခံ၏ထုတ်ပြန်ရှင်းလင်းချက်အရ သိရသည်။







