အနာဂတ် ပျောက်ဆုံးနေရသည့် လူငယ်များ

အနာဂတ် ပျောက်ဆုံးနေရသည့် လူငယ်များ

အောင်ထိန် - ရေးသားသည်

လမ်းမတစ်‌လျှောက် အလျှင်စလိုမောင်းနှင်လာသော ကားအမဲရောင်တစ်စီးသည် နေအိမ်တစ်အိမ်ရှေ့ အရောက်တွင် ချက်ချင်းထိုးရပ်လိုက်သည်။ တစ်ပြိုက်တည်းတွင် ကားပေါ်မှ အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးက ဆင်းလာကြသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ထားသူများမှ နေအိမ်ခြံဝင်းထဲသို့ ဝင်ရောက်လာကာ လူတစ်ဦး၏အမည်ကို အော်ခေါ်လိုက်သည်။ အိမ်ပေါ်မှ လူငယ်တစ်ဦး ဆင်းလာခဲ့ပြီး ၎င်းတို့နှင့် ခဏကြာစကားပြောပြီးနောက် လက်ထိပ်ခတ်ကာ ဖမ်းဆီးခံလိုက်ရသည်။

“အောင်နိုင်မြင့်ဆိုတာ ဘယ်သူလဲလို့မေးတယ်။ မောင်လေးက ကျနော်ပါလို့ဖြေတော့ ဖုန်းကို တောင်းတယ်။ မောင်လေးကပေးလိုက်တော့ တစ်ခါတည်းပဲ လက်ထိပ်ခတ်ဖမ်းကြတယ်”ဟု ဒေါ်မနန်းစိုးက မောင်ဖြစ်သူ ဖမ်းဆီးခံရပုံကို ပြောပြသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ခုခံတော်လှန်စစ်၊ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် အုံကြွလာကာ စစ်ကောင်စီကလည်း လူငယ်များကို သံသယဖြင့် ပစ်မှတ်ထားဖမ်းဆီးမှုများ တောက်လျှောက်လုပ်လာခဲ့ပြီး ထိုအထဲ ရခိုင်ပြည်က ကိုအောင်နိုင်မြင့်တစ်ယောက် ပါဝင်ခဲ့သည်။

အာဏာသိမ်းမှု ၈ လအကြာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးက ကိုအောင်နိုင်မြင့်ကို နေအိမ်အထိလာရောက်ကာ ဖမ်းဆီးခဲ့သည်။

မည်သည့်အကြောင်းကိစ္စကြောင့် မသိရဘဲ ဖမ်းဆီးခြင်းခံရလိုက်ရသည့် ကိုအောင်နိုင်မြင့်တစ်ယောက် စိုးရိမ်ကြောက်လန့်ကာ မဖြစ်နိုင်မှန်းသိသော်လည်း လွတ်မြောက်ရေးအတွက် ခွန်အားသုံးရုန်းကန်ရာတွင် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ကြသည်။

သွေးသားအရင်းရှာတစ်ဦး ကိုယ့်မျက်စိရှေ့တွင် အရိုက်ခံနေရသော အဖြစ်အပျက်ကို မြင့်တွေ့ခဲ့ရသည့် ဒေါ်မနန်းစိုးတစ်ယောက် ယနေ့အထိ မခံမရပ်နိုင်ဖြစ်နေသည်။

“မောင်လေးက ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့ ဖမ်းတာလို့မေးတယ်။ မင်းတော်တော် လျှာရှည်တာပဲလို့ ပြောပြီးတော့ ပါးကိုရိုက်တယ်။ ပြီးတော့ သေနတ်ဘောင်နဲ့ ခုနှစ်ကြိမ်၊ ရှစ်ကြိမ်လောက်ထုပြီး သူတို့က ကျွန်မမောင်လေးကို တိရစ္ဆာန်တွေလို ကားထဲကို ဆွဲခေါ်သွားကြတယ်”ဟု ဒေါ်မနန်းစိုးက စိတ်မကောင်းစွာ ပြောလိုက်သည်။

ထိုအချိန်မှစ၍ ကိုအောင်နိုင်မြင့်၏ အနာဂတ်မျှော်လင့်ချက်များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရသည်။

အိပ်မက်များကို ရိုက်ချိုးခံရခြင်း

ကိုအောင်နိုင်မြင့်(ခ)ကိုမင်းဒီပါမှာ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ရွာဇာတိဖြစ်ပြီး တက်သစ်စ လူငယ်စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ငယ်စဉ်ကတည်းက စာပေဝါသနာကြီးသူတစ်ဦးဖြစ်ပြီး တစ်ချိန်တွင် အောင်မြင်ကျော်ကြားသော စာရေးဆရာတစ်ဦး ဖြစ်မြောက်လာရေးအတွက်လည်း အားထုတ်ကြိုးပမ်းနေသည်။

သူ့၏ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်နိုင်ရေး နေ့ရက်တိုင်းကို စာအုပ်စာပေများ ရေးသားမှုဖြင့်သာ ကုန်ဆုံးတတ်သည်။ ကိုအောင်နိုင်မြင့်မှာ အထက်တန်းကျောင်းသား တစ်ဦးဖြစ်ပြီး ပညာရေးထက် စာပေပိုင်းကိုသာ ပို၍ဝါသနာကြီးမားမှုကြောင့် ဆယ်တန်းတစ်နှစ်ကျရှုံးခဲ့သည်။ ပညာရေးကိုလည်း မစွန့်ပယ်သလို တစ်ဖက်မှာလည်း စာပေများရေးသားလျက် စာအုပ်ထုတ်ဝေကာ သူ့ဘဝ တိုးတက်ရေးကို လျှောက်လှမ်းနေသည်။

ကိုအောင်နိုင်မြင့်မှာ မင်းဒီပါ(မြို့ဟောင်းမြေ) ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေထားသည့် ဝတ္ထု စာအုပ်(၉)အုပ်အထိ ရှိခဲ့ပြီဖြစ်သည်။ ထိုဝတ္ထုစာအုပ်အမည်မှာ “ချစ်သော ပို၍ချစ်သော”၊ “ဒယ်ဒီရယ် ဖေဖေရယ် တာတီးလေးရယ်”၊ “ဘုဘုဘောက်ဘောက်တို့ နှစ်ယောက်”၊ “နှလုံးသားရပ်ဝန်း”၊ “ရွက်ကြွေ”၊ “ဘဝစေတမာန်”၊ “အငှားညီ”၊ “ကြယ်ကြွေချိန်ခဏလေး (ခ) ခိုလှုံခွင့်လေးပေးသနားပါ”နှင့် “မာယာကင်းမဲ့ဇုန်”တို့ ဖြစ်သည်။

ကိုအောင်နိုင်မြင့်ရေးသားသည့် ဝတ္ထုစာအုပ်များကို ရန်ကုန်မြို့ရှိ ရွှေလာဘ်စာပေတိုက်မှ ထုတ်ဝေပေးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဖမ်းဆီးမခံရမီကာလက “ဘဝနွံ”ဟု အမည်ပေးထားသည့် ဝတ္ထုတစ်အုပ်တစ်အုပ်ကို ရေးသားနေခြင်းဖြစ်ပြီး လက်စသက်ခါနီးချိန်ရောက်ခဲ့ပြီ။

သို့သော် ဖမ်းဆီးခံခဲ့ရသဖြင့် ဘဝဖြတ်သန်းမှု သင်ခန်းစာများနှင့် ပြည့်ပျက်နေသည့် ထိုစာအုပ်ကို စာဖတ်ပရိသက်များ ဖတ်ရှုခံစားနိုင်အောင် မမျှဝေနိုင်ခဲ့ပေ။

“ကျမမောင်လေးက အောင်မြင်မှု တစ်ပိုင်းတစ်စနဲ့ ဘဝတက်လှမ်းတစ်‌ခုကို လှမ်းမလို့ပဲ ရှိနေသေးတယ်။ ဒီလိုအချိန်မှာပဲ တလူလူတက်နေတဲ့ အညွှန့်ကောင်းလေးတစ်ခု အချိုးခံလိုက်သလိုဖြစ်သွားပြီ”ဟု ဒေါ်မနန်းစိုးက မောင်ဖြစ်သူ၏ အဖြစ်ကို စိတ်မကောင်းစွာပြောသည်။

ဝေဝါးခဲ့ရသည့် အနာဂတ်များ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူလိုက်သည့်အချိန်မှစ၍ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးကအစ အဘက်ဘက်မှာ ယိုင်လဲသွားခဲ့ရသလို လူငယ်များ၏ အနာဂတ် မျှော်လင့်ချက်များမှာလည်း နေ့ချင်းပျောက်ကွယ်ခဲ့ရသည်။

ပေါက်တော်မြို့နယ်က အသက်(၂၃)နှစ်ရွယ် မတင်ဌေးမှာ Professional Accountant (ကျွမ်းကျင်သော စာရင်းကိုင်)အဖြစ်နှင့် စီးပွားရေးနယ်ပယ်ထဲသို့ ဝင်ရောက်ရန် အိပ်မက်များရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုအောက်တွင် သူ့၏ရည်မှန်းချက်များ ပျက်စီးခဲ့ရသည်။

Professional Accountant တစ်ဦးဖြစ်လာရန်အတွက် လိုအပ်သည့်သင်တန်းများကို တက်ရောက်သင်ယူနေဆဲမှာပင် အာဏာသိမ်းမှုကြောင့် ငွေကြေးအပြင် အခက်အခဲအမျိုးမျိုးတို့ကြောင့် သူ့မ၏ ခြေလှမ်းများကို ဆက်မလျှောက်လှမ်းနိုင်ခဲ့ပေ။

“မျှော်မှန်းထားတာကတစ်ခု လက်တွေ့လုပ်နေရတာကတစ်ခုဖြစ်သွားတော့ ကိုယ့်ရည်မှန်းချက်တွေကို လုပ်နိုင်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ်ဝင်နေမိတယ်။ ဘာလုပ်ရမှာလဲ၊ ဘယ်ဘက်ကိုလှမ်းရင်ကောင်းမ လဲနဲ့ ကိုယ်လျှောက်ရမယ့်လမ်း တည့်တည့်မတ်မတ်မရှိလိုက်တဲ့အချိန်မှာ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်နေရတယ်”ဟု မတင်ဌေးက ဖွင့်ဟသည်။

မတင်ဌေးတစ်ယောက် လက်ရှိ စစ်တွေမြို့ရှိ ပုဂ္ဂိုလိက ဖုန်းကုမ္ပဏီတစ်ခုမှာ Senior Accountant ရာထူးဖြင့် အလုပ်ဝင်ရောက်လုပ်ကိုင်ကာ ဘဝကို ရှေ့ဆက်နေရတော့သည်။

အာဏာသိမ်းပြီးနောက် နေရာအနှံအာဏာရှင်တော်လှန်ရေး ဆန္ဒပြမှုများမှာ ယနေ့အထိရှိနေဆဲဖြစ်ပြီး ရခိုင်ပြည်တွင် ထိုသို့မရှိသော်လည်း အာဏာသိမ်းမှုအကျိုးဆက်ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရ သည်မှာလည်း နှစ်နှစ်ကျော်အထိရှိခဲ့ပြီဖြစ်သည်။

လူငယ်တစ်ဦးချင်းမှာ အနာဂတ်အတွက် ရည်မှန်းချက်ကိုယ်စီရှိကြသော်လည်း စစ်တပ်အာဏာသိမ်း မှုအောက်မှာ တစစီရိုက်ချိုးခံခဲ့ကြရပြီး မနက်ဖြတ်တိုင်းကို စမ်းတဝါးဝါးနှင့်လျှောက်လှမ်းနေကြရသည်။

သံသယကြားက ရခိုင်လူငယ်များ

လူငယ်စာရေးဆရာ ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နှင့် အမှုဖွင့်ပြီး မြောက်မြို့နယ်တရားရုံးမှာ ချုပ်ရမန် နှစ်ပတ်ယူခဲ့သည်။

ယင်းနောက် ကိုမင်းဒီပါမှာ PDF ကိုငွေကြေးထောက်ပံ့မှု၊ အားပေးထောက်ခံမှုများပြုလုပ်သည်ဟုဆိုကာ မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ပြီး အဆိုပါပုဒ်ဖြင့် တရားစွဲဆိုခဲ့သည်။

ကိုမင်းဒီပါ အသုံးပြုသည့် လက်ကိုင်ဖုန်းတွင် PDF တပ်ဖွဲ့ဝင်များနှင့် messenger မှတစ်ဆင့် စကား ပြောမှုများ၊ ငွေလွှဲငွေထုတ်မှုများပြုလုပ်သည်ကို တွေ့ရှိဆိုသည်ဟုဆိုကာ ထိုသို့တရားစွဲဆိုခဲ့ ခြင်းဖြစ် ကြောင်း ၎င်းအမှုကိုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေက DMG သို့ဖြေကြားထားသည်။

စစ်ကောင်စီ၏ ထိုစွပ်စွဲချက်အပေါ် မိသားစုဝင်များကငြင်းဆန်ထားသည်။ ငွေထုတ်သည် ဆိုသည်မှာ လည်း ကိုမင်းဒီပါမှာ ဖမ်းဆီးမခံရမီအချိန်က နောက်ဆုံးရေးသားထုတ်ဝေခဲ့သည့် “မာယာကင်းမဲ့ဇုန်” အမည်ပေးထားသော လုံးချင်းဝတ္ထုစာအုပ်အတွက် စာမူခငွေကို ထုတ်ယူခဲ့သာဖြစ်ကြောင်းဆိုသည်။

“ကျမမောင်လေးက ဘာတစ်ခုနဲ့မှ အဆက်အသွယ်မရှိဘူးဆိုတာ ကျွန်မတို့လုံးလုံးကြီး အာမခံရဲ့တယ်။ သူ့မှာ နေ့စဉ်စာအုပ်ဖတ်တယ်၊ စာရေးတယ်။ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ငါတစ်နေ့ စာရေးဆရာ ဖြစ်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကြိုးစားနေတာ”ဟု ဒေါ်မနန်းစိုးက ပြောသည်။

ဆက်လက်ပြီး ဒေါ်မနန်စိုးက “အခု ကျွန်မမောင်လေးရဲ့ရည်မှန်းချက်တွေ ပျက်စီးသွားခဲ့ပြီ။ ကျွန်မတို့လည်း သူ့အတွက် အရမ်းစိတ်မကောင်း ဖြစ်ရတယ်”ဟု ပြောသည်။

ကိုမင်းဒီပါမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် (၄)လခန့်ကြာ တရားရင်ဆိုင်ပြီး နောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ ချမှတ်ခဲ့သည်။

ထိုသို့ကြီးမားသော ပြစ်ဒဏ်ချမှတ်မှုအပေါ် မိသားစုဝင်များက လက်မခံသဖြင့် ပြည်နယ်တရားလွှတ် တော်အထိ အယူခံတက်ရောက်ခဲ့သော်လည်း အဆိုပါပုဒ်မနှင့်သာ ထောင်ဒဏ်အမိန့် ချခံခဲ့ရသဖြင့် ကိုမင်းဒီပါတစ်ယောက် ထောင်ထဲသို့ရောက်ခဲ့ရသည်။ လက်ရှိ လူငယ်စာရေးဆရာမင်းဒီပါမှာ စစ်တွေမြို့ ကအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိနေသည်။

ရခိုင်ပြည်တွင် အာဏာသိမ်းအချိန်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားများကို ကျယ်ကျယ်ပြန့်ပြန့် မတွေရခဲ့သော်လည်း PDF နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများရှိနေသည်။

အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦးစသည့်မြို့နယ် များတွင် PDF သံသယဖြင့် ဖမ်းဆီးခံရသူ ၂၀ ကျော်အထိရှိကြောင်း DMG မှ လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းအရသိရသည်။ ထိုအထဲမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါမှာ ရခိုင်ပြည် အတွင်းက ပထမဆုံး PDF သံသယဖြင့်  ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသူလည်းဖြစ်သည်။

“စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် လူငယ်တွေအပေါ်မှာ အကြောက်တရားနဲ့အုပ်စိုးနေလို့မြင် တယ်။ သံသယဝင်တယ်ဆိုရင် ပုဒ်မတွေအမျိုးမျိုးပြပြီးတော့ ဖမ်းဆီးတော့တယ်။ လမ်းသွားလမ်းလာ ရင်တောင်မှ မလုံခြုံတဲ့ အနေအထားမှာရှိတယ်”ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

အခြားတစ်ဖက်တွင် ရခိုင်ပြည်အတွင်း ဩဇာအာဏာကြီးထွားလာနေသော ရက္ခိုင့်တပ်တော်(AA)၏ ဒေသတွင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ယန္တရားများကို သဘောမတွေ့သည့် စစ်ကောင်စီက လူငယ်များအပေါ် သံသယမျက်စိဖြင့် ကြည်ရှုလျက်ရှိသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်နှစ်ကျော် စစ်ရေးပဋိက္ခဖြစ်ပွားပြီးနောက် တစ်ခန်းရပ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်အတွင်း သေနတ်သံ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ယခင်စစ်ရေးကာလအတွင်း လုပ်ဆောင်ခဲ့သည့်ပုံစံအတိုင်း ဒေသခံများကို ဖမ်းဆီးမှုကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ရခိုင် တကျော့ပြန်တိုက်ပွဲ ၃ လကျော်ကာလအတွင်း သံသယနှင့်ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိခဲ့ပြီး ယင်းအထဲမှ မတရာအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိခဲ့သည်။

ရခိုင်လူငယ်များမှာ PDF နှင့်ဆက်သွယ်မှုဆိုသည့်တစ်ကြောင်း AA နှင့်ဆက်နွယ်မှုဆိုသည့် တစ်ကြောင်းနှင့် သံသယကြားထဲက ရုန်းမထွက်နိုင်ဘဲ နှစ်ဖက်ကြားမှာမြေဇာပင်ဖြစ်နေကြရသည်။

လူမှုရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက “အုပ်ချုပ်ရေးကို နှစ်ဖက်က အခြေကုတ်ယူဖို့၊ အာဏာ တည်မြဲဖို့ ကြိုးစားနေတဲ့ကာလမှာ ရခိုင်လူငယ်တွေဟာ ရှောင်ရှောင်လည်လည်နေထိုင်ဖို့ အခြေအနေမရှိဘူး။ စစ်ကောင်စီက PDF နဲ့ဖမ်းလိုက် AA နဲ့ဆက်စပ်လို့ ဖမ်းလိုက်နဲ့ လူငယ်တွေ လွတ်လွတ်လပ်လပ် နေလို့မရတော့ဘူး”ဟု ပြောဆိုထားသည်။

ထိုသို့ အခြေအနေအရပ်ရပ်တို့ကြောင့် လူငယ်များမှာ လူထုအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားမျှတမှု ရရှိရေးစသည့်များနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန်အတွက်ပင် တွန့်ဆုတ်လာ နေကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်မှုပိုင်းကို ဆောင်ရွက်နိုင်ရန်ထက် ဖမ်းဆီးမခံရဘဲ အသက်ရှင်နေထိုင်ရေးကိုသာ ဦးစားပေးစဉ်းစားနေကြရသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ကျဆင်းသွားခဲ့ရပြီး လူငယ်များ၏ အခန်းကဏ္ဍမှာလည်း မှေးမှီသွားခဲ့ရသည်။

နှစ်ပေါင်း ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံထားရသည့် လူငယ်စာရေးဆရာကိုမင်းဒီပါမှာ ဖမ်းဆီးခံရချိန်တွင် အသက်(၂၃)နှစ်ရှိပြီဖြစ်ကာ လက်ရှိ ၎င်း၏အသက် (၂၆)နှစ်ရှိခဲ့ပြီဖြစ်သည်။ ၎င်းအား ချတ်မှတ်ထားသည့် ပြစ်ဒဏ်အရဆိုပါက ၉ နှစ်အထိ ထောင်တွင်းဖြတ်သန်းရအုံးမည်ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာချိန်တွင် အသက်(၃၀)ကျော် ရှိတော့မည်ဖြစ်ပေသည်။ လူ့ဘဝ၏ အသက်တစ်ဝက်နီးပါးကို ထောင်အတွင်းဖြတ်သန်းရမည့် ကိုမင်းဒီပါ၏အနာဂတ်က ဝေခွဲစရာများနှင့် ပြည့်နက်နေပြန်သည်။

တက်သစ်စလူငယ်စာဆရာ၏ ရောင်နီသန်း အိပ်မက်များမှာ သံသယအရိပ်မဲကြီးက ဖုံးလွှမ်းခဲ့သည်။ ရှေ့ရေးကိုတွေးပူစွာဖြင့် ပြောကြားခဲ့သော မောင်ဖြစ်သူ၏ စကားသံများကို ဒေါ်မနန်းစိုးတစ်ယောက် ပြန်လည်ကြားယောင်နေတော့သည်။

“ကျွန်တော် ဘာမှမပြစ်မလုပ် ဒီလိုလုပ်လိုက်ကြတယ်။ ကျွန်တော်ရဲ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေက အကုန်လုံးပျက်စီးသွားခဲ့ပြီ”

အောင်ထိန် - ရေးသားသည်။

Most read this week

May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယနေ့ (မေလ...