မြန်မာတွင် နေရပ်စွန့်ခွာသူ ၁ ဒသမ ၈ သန်းကျော်ရှိလာဟု ကုလထုတ်ပြန်

မြန်မာတွင် နေရပ်စွန့်ခွာသူ ၁ ဒသမ ၈ သန်းကျော်ရှိလာဟု ကုလထုတ်ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားမှု ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ စုစုပေါင်းဦးရေမှာ ၁ ဒသမ ၈ သန်းကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ‌ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့(ဧပြီလ ၁၉ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ယင်းအထဲမှ လူဦးရေ ၁ ဒသမ ၅ သန်း နီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် နေရပ်စွန့်ခွာ နေကြသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများနှင့် ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြားတွင် ဖြစ်ပွားလျက်ရှိနေပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်၊ အရှေ့တောင်ဘက်နှင့် ကချင်ပြည်နယ်တို့တွင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အကျိုးဆက်အနေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဆက်လက်ဆိုးရွားစေပါတယ်”ဟု UNOCHA က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အရပ်သားသေဆုံးသူ (၁၇၀)ကျော်အထိရှိခဲ့ပြီး ယင်းအထဲ အမျိုးသား၊ အမျိုးသမီးနှင့် ၁၆ နှစ်အောက် ကလေးငယ်များ ပါဝင်ခဲ့သည်။

“လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ အထူးစိုးရိမ်ဖွယ်ရာ တစ်ခုဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်”ဟု UNOCHA ထုတ်ပြန်ချက်မှာ ပါရှိသည်။

တစ်ဖက်တွင် နိုင်ငံအတွင်းက နေရာအများအပြားမှာ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေသလို ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် အရပ်သားသား သွားလာရေးမှာလည်း ပိုကန့်သတ်မှုများ ဖြစ်ပေါ်နေသည်ဟု UNOCHA က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ ဖမ်းဆီးထားသူ စုစုပေါင်း ၂၁,၄၀၃ ဦးနှင့် သေဆုံးသူ ၃၄၀၈ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသည့် အရပ်သားပြည်သူ ၁၅၁ ဦးကို စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်ခဲ့ပြီဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူမှု ၂ နှစ်ကျော်အထိ ကြာမြင့်လာနေပြီး နိုင်ငံအတွင်း လက်နက်ကိုင်တော်လှန်မှုများမှာလည်း အရှိန်မြင့်တက်လျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...