တိုက်ပွဲများ အောင်မြင်ရေးအတွက် “ဝ”က ဆက်လက်ကူညီမည်ဟု ညီနောင် ၃ ဖွဲ့ ယုံကြည်ထား

တိုက်ပွဲများ အောင်မြင်ရေးအတွက် “ဝ”က ဆက်လက်ကူညီမည်ဟု ညီနောင် ၃ ဖွဲ့ ယုံကြည်ထား

တော်လှန်ရေးတိုက်ပွဲများ အောင်မြင်မှုအသစ်ရစေရန် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ဆက်လက်ကူညီပံ့ပို့လိမ့်မည်ဟု ယုံကြည်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်(MNDAA)နှင့် ပလောင်(TNLA)တို့က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က ကျရောက်ခဲ့သော “ဝ” ပြည် ငြိမ်းချမ်းရေးတည်ထောင်ခြင်း ၃၄ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

ယင်းအပြင် “ဝ”ပြည်မှ အဆိုပြုခဲ့သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တည်ထောင်ခြင်းမှာ ညီနောင်လူမျိုးများအတွက် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေး မြှင့်တင်ရာ၌ ကြီးမားသော အထောက်အပံ့ဖြစ်ကာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေး၊ ငြိမ်းချမ်းရေးအတွက် ဗမာလူမျိုးကြီးဝါဒကို အဓိကထားသည့် စစ်အာဏာရှင်နှင့် နိုင်ငံရေးတိုက်ပွဲ ဆင်နွဲရာ၌ ခိုင်မာသော နောက်ခံတစ်ရပ်ဖြစ်လာပြီး ကြီးမားသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း”လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များနှင့် “ဝ”တပ်ဖွဲ့တို့သည် ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး ရှိကြပြီး ယခင်ကာလကတည်းက လက်နက်ခဲယမ်းများကို အကူအညီပေးမှုများ ရှိခဲ့ကြောင်း နိုင်ငံရေး၊ စစ်ရေး သုံးသပ်သူများက ပြောဆိုသည်။

ယင်းကြောင့် ထိုသို့သဝဏ်လွှာပေးပို့ခြင်းမှာ FPNCC အဖွဲ့ဝင်လည်းဖြစ်၊  “ဝ”လက်နက်ကိုင်အဖွဲ့အစည်းမှာ တနိုင်ငံလုံးတွင် အင်အားအကြီးဆုံးဖြစ်သည့်အတွက် ဂုဏ်ပြုသည့်အားဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသတ်သူ  ဦးဖေသန်းက ရှုမြင်သည်။

“ညီနောင် ၃ ဖွဲ့ကတော့ FPNCC ထဲမှာလည်းပါတယ်။ သူတို့မှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုတွေက ရှိကြတယ်။ “ဝ”က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသလည်းဖြစ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကူညီပံ့ပိုးမှုတွေလည်းရှိတယ်။ နောက်ပြီးတော့ “ဝ”က စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ထားတဲ့အခါကျတော့ တိုင်းရင်းသားအားလုံးက အင်အားအကြီးဆုံးဖြစ်တဲ့ “ဝ”အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးထားကြတယ်။ သူတို့ရဲ့ ကူညီပံ့ပိုးမှုဟာ တိုင်းရင်းသားတွေအတွက် ပိုပြီးတော့ အရေးကြီးတဲ့အတွက် အခုလို ဂုဏ်ပြုသဝဏ်လွှာပို့တာ ဖြစ်တယ်”ဟု ဦးဖေသန်းကဆိုသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)ကို ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့သည်။

လက်ရှိ အဓိက ဦးဆောင်နေသူများမှာ ဥက္ကဌ ဦးပေါက်ယိုချမ်း၊ ဒု-ဥက္ကဌ(၁) ဦးရှောင်မင်လျံ၊ စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်း၊ ဦးပေါက်လန်တို့ဖြစ်သည်။

“ဝ”သည် ပန်ဆန်းမြို့ကို ဗဟိုဌာနချုပ်ထားရှိပြီး သူတို့ထိန်းချုပ်ရာ နေရာများကို တောင်ပိုင်း၊ မြောက်ပိုင်းခွဲကာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသံလွှင်ဌာန၊ ဆည်မြောင်းဌာန၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စသည့် ဌာနများဖွင့်လှစ်ထားပြီး  မြန်မာအာဏာပိုင်တို့နှင့် လုံးဝ မသက်ဆိုင်ဘဲ သီးခြားအုပ်ချုပ်ထားသည်။

ယင်းအပြင် လက်ရှိတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(ဗဟို)၏ ဦးဆောင်မှုအောက်၌  “ဝ”ပြည်သူတို့က စည်းလုံးညီညွတ်စွာဖြင့် နေ့စဉ်နှင့်အမျှ စီးပွားရေးတိုးတက်ကြီးပွားစေပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ချီးကျူးစကား ဆိုထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...