စစ်ကောင်စီ အာဏာသိမ်းယူထားသည့်ကာလအတွင်း ပဋိပက္ခများကြောင့် ကရင်တိုင်းရင်း သားဒေသများတွင် ထိခိုက်သေဆုံးခဲ့ရသော ကလေးသူငယ်ဦးရေ ၄၀ကျော်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG ၏ မှတ်တမ်းတင်ပြုစုထားသည့်စာရင်းများအရ သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၂၅ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောသည်။
၎င်းက “လတ်တလောအခြေအနေမှာ အထူးသဖြင့် ကေအဲန်ယူ တပ်မဟာ(၅)၊ တပ်မဟာ(၆)ပေါ့၊ အဲဒီဘက်တွေမှာလည်း တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျနော်တို့ Update တော့ မရရှိသေးဘူးပေါ့။ ဆိုတော့ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့စာရင်းတွေကတော့ လိုအပ်ချက် ရှိနေတုန်းပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သေဆုံးခဲ့သော ကလေးသူငယ် ၂၅ ဦးတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသော မိခင်ဝမ်းထဲရှိက လေးသူငယ်များပါ ပါဝင်နေပြီး အသေးစိတ်စာရင်းများအား အချက်အလက်သေချာ ပြန်လည်စိစစ်ပြုစုရန် KHRG အနေဖြင့် စီစဥ်ထားကြောင်း စောနန္ဒဆူးက ဆက်ပြောသည်။
ထို့အပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတိုးမြှင့်လုပ်ဆောင်သောကြောင့် ကရင်တိုင်း ရင်းသားဒေသများတွင် အရပ်သား(၅၀)ကျော်သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး အယောက် တစ်ရာကျော်ရှိခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (၆)သိန်းဝန်းကျင်ရှိလာကြောင်းလည်း ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့တွင် KHRG က ထုတ်ပြန်ဖော်ပြထားသည်။
အလားတူ စစ်တပ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ မြန်မာ နိုင်ငံအတွင်း ပဋိပက္ခ များကြောင့် သေဆုံးခဲ့သော ကလေးသူငယ် (၃၉၆)ဦးရှိနေပြီး စစ်ကောင်စီ၏ ဖမ်းဆီး အကျဥ်းချခံ ထားရသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်စုစုပေါင်း (၃၅၅)ဦးရှိနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ -NUG ၏ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဧပြီလ(၁၈)ရက်နေ့က စာရင်းဖော်ပြချက်အရ သိရသည်။







