မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၊ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF BO 3 က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီ ၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ မိုးဗြဲမြို့ အရှေ့ဘက်ကမ်း ကျေးရွာထဲတွင် လက်နက်ကြီး (၅၀) ကျော် ပစ်ခတ်ခဲ့ပြီး အသက် (၅၀) အရွယ်အမျိုးသား တစ်ဦး သေဆုံးသွားပြီး ၊ လူငယ်တစ်ဦး အပါအဝင် အရပ်သား ၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးသံတွေတော့ကြားတယ်။ တစ်ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာရတယ်တဲ့။ ကျနော်တို့လည်း အဲ့လိုမျိုးသတင်းရတယ်။ ပြီးတော့ ကျေးရွာထဲက ပြည်သူနေအိမ်တွေ တစ်ချို့က ပျက်စီး သွားတာတော့ ရှိပါတယ်။ ကျနော်လည်း အခုထိ အသေးစိတ်တော့ မသိရသေးဘူး။ သေတဲ့သူက အမျိုးသားလို့ ပြောတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ အချိန်ထိ ဖယ်ခုံမြို့နယ် ၊ ပင်လောင်းမြို့နယ်ဘက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့် အပြင် စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ဘက်ရှိ ကျေးရွာထဲတွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် နေမှုလည်း ရှိနေကြောင်း သိရသည်။

“ တိုက်ပွဲကတော့ ဖြစ်နေပါတယ်။ ကျနော်တို့ မိုးဗြဲဘက်အရှေ့ဘက်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ပင်လောင်းဘက် နဲ့ ကရင်နီပြည်ဘက်တော့ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်။ စစ်ကောင်စီကတော့ တိုက်လေယာဉ်တွေ သုံးတာရှိတယ်။ ကျနော်တို့ ဖယ်ခုံတွေဘက်ဆိုရင်တော့ လက်နက်ကြီး နဲ့ ပစ်တာပဲရှိတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ ဒေသခံ ၁ သောင်း ကျော်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...