မြဝတီမြို့နယ်ထဲဖြစ်ပွားခဲ့သည့် ၇ ရက်တာတိုက်ပွဲအတွင်း စကစတပ်သား ၂၀ ဦးသေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိထား ကြောင်း Cobra စစ်ကြောင်း ထုတ်ပြန်

မြဝတီမြို့နယ်ထဲဖြစ်ပွားခဲ့သည့် ၇ ရက်တာတိုက်ပွဲအတွင်း စကစတပ်သား ၂၀ ဦးသေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိထား ကြောင်း Cobra စစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲ၌ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ (၇) ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း  စစ်ကောင်စီဖက်က ၂၀ ဦး သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိထားကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

KNU/KNLA တပ်မဟာ ၆၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Fedreal Wings၊ Golden Eagle၊ ရောင်နီ စသည့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ မြဝတီမြို့ ကုန်သွယ်ရေးဇုန် နှင့် သင်္ဃန်း ညီနောင်ရဲစခန်း၊ စစ်ကောင်စီတပ်ရင်း ၂၇၅ နှင့် ၃၅၅ တပ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၁ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ ပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ ဒုရဲမှူး ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်ကြပ် ၂ဦး၊ ဒုတပ်ကြပ် ၂ဦး၊ တပ်သား ၁ဦး နှင့် ဒုတပ်ကြပ်၏ဇနီး ၁ ဦး စုစုပေါင်း ၈ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲမှ ပစ္စတို ၁လက်၊ AK Rifle ၇လက်၊ AK စက်လက် ၁လက်၊ G3 ၇လက်၊ UZI ၁လက်၊ AK ကျည် ၁၉၆ တောင့်၊ G3 ကျည် ၃၈၅ တောင့်၊ 9mm ၁၀၄တောင့် စသည့် စစ်အသုံးအဆောင် ပစ္စည်းများ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၂ဦး ဒဏ်ရာရှိခဲ့ပြီး၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၅မှ ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၂၆ရက်တိုက်ပွဲတွင် မဲကနယ်ရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ် ၅၀ရပ်ကွက်အား စစ်ကောင်စီတပ်ဖက် က လက်နက်ကြီးဖြင့် အကြိမ်ရေ ၃၀ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ် ၂လုံး၊ ဆိုင်ကယ် ၁စီး ပျက်စီးဆုံး ရှုံး၍ ဝက် ၁ ကောင် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၂၇ရက်တိုက်ပွဲတွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ဖက်မှ လက်နက်ကြီးဖြင့် ၁၈ကြိမ် ပစ်ခတ်ခဲ့ရာ မဲကနယ် ဘုန်းကြီးကျောင်းမုဒ်ဦး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

မတ်လ ၂၈ရက်တွင် ရွှေမြစန္ဒီမြို့သစ်အား လက်နက်ကြီးဖြင့် ၄၈ကြိမ်အထိ ပစ်ခတ်ခဲ့ရာ နေအိမ် ၁၃လုံး ထိမှန်ပြီး အိမ် ၁လုံး မီးလောင်ပြာကျခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့တို့ဘက်မှ Drone နှင့် Sniper အသုံး ပြုပြီးပစ်ခတ်မှုကြောင့် BGF ၁ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၂၉ရက်တွင် စစ်တပ်ဖက်မှ လက်နက်ကြီးဖြင့် အကြိမ် ၂၀ထက်မနည်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တို့ဘက်မှ Sniper၊ Drone တို့ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးအဆင့် ၁ဦးနှင့် IO ၁ဦး သေဆုံးပြီး အခြား အဆင့် ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၃၀ရက်တွင် တော်လှန်ရေးတပ်ဖွဲ့တို့ဖက်မှ သင်္ကန်းညီနောင်ရဲစခန်းအား Sniper ဖြင့်ပစ်ခတ်ခဲ့ရာ ၃ဦး သေဆုံးခဲ့ပြီး နယ်ကျွံလာသည့် BGF ဗိုလ်ကြီးအဆင့် ၁ဦးအပါအဝင် ၃ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၃၁ရက်တွင် စစ်တပ်ဖက်မှ လက်နက်ကြီးနှင့် ၁၃၅ကြိမ်အထိ ပစ်ခတ်ခဲ့ရာ နေအိမ် ၉လုံးထိခိုက် ပျက်စီးခဲ့ပြီး နွား ၃ကောင်သေဆုံးကာ တော်လှန်ရေးရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့တို့ဖက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ BGF ၆ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထား သည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖက်မှ မြေပြင်တိုက်ပွဲများတွင် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် မြဝတီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီးတစ်လျှောက် ပိတ်ထားရကာ မြဝတီမြို့နယ်ထဲ ညမထွက်ရအမိန့် ထုတ်ပြန်ထားရကြောင်း သိရသည်။

July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...