ကျောက်ဖြူမြို့နယ်တွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငမန်း ( Whale Shark) တကောင် သောင်တင်သေဆုံးလျက်တွေ့ရှိ

ကျောက်ဖြူမြို့နယ်တွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငမန်း ( Whale Shark) တကောင် သောင်တင်သေဆုံးလျက်တွေ့ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ဂြင်ကြီးကျေးရွာအုပ်စု၊ ကျောက်ခမောက်ကျေးရွာအနီးတွင် အရှည် ၂၆ ပေခန့်ရှိ ဝေလငမန်း (Whale Shark) တကောင်ကို ယနေ့ညနေပိုင်းက သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ငါးကြီးသောင်တင်သေဆုံးနေသည်ကို ကျောက်ခမောက်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ရှောက်ချောင်းချောင်းဖျား၊(ဒေသအခေါ်) ပါးစပ်ချောင်းဖျားရှိ ကမ်းစပ်တစ်နေရာတွင် ယနေ့ ဧပြီလ ၁ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကတွေ့ ရှိခဲ့သည်ဟု ကျောက်ခမောင်းကျေးရွာသားများကပြောသည်။

" ငါးအရှည်က ၂၆ ပေလောက်ရှိမယ်။ လုံးပတ်ကတော့ ၁၀ ပေလောက်ရှိတယ်။ ဒီနေ့ ညနေ လေးနာရီလောက်မှာ သောင်တင်ပြီးသေနေတာကို တွေ့တာပါ" ဟု ကျောက်ခမောက်ကျေးရွာမှ ကိုမောင်ဝင်းကျော် က ပြောသည်။

ယနေ့ညနေပိုင်းက ကျောက်ခမောက်ကျေးရွာသားတစ်ဦး ရှောက်ချောင်းဖျားတွင် ဂဏန်းထောင်ရန် သွားစဥ် သောင်တင်သေဆုံးနေသည့် ငါးမန်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

" ရွာကတယောက် ဂဏန်းထောင်ဖို့သွားရင်း အဲဒီချောင်းကြားထဲဝင်ကြည့်တော့ ငါးကြီးတစ်ကောင် သေနေတာကို တွေ့ရတာပါ" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါသေဆုံးနေသည့် ငါးအား ကျေးရွာသားများက ကျောက်ခမောက်ကျေးရွာသို့ စက်လှေတွင် ကြိုးနှင့်တွဲကာ သယ်ယူလာပြီး ရွာအနီးချောင်းစပ်တွင် ထားပြီး ကျေးရွာသားများက စောင့် ကြပ်ကြည့်ရှုနေကြောင်း သူကပြောသည်။

အဆိုပါ ကျောက်ခမောက်ကျေးရွာသည် ကျောက်ဖြူမြို့နှင့်၁၈ မိုင်ခန့်ကွာသည့် ကျေးရွာဖြစ်ပြီး အမှတ်(၇) တိုက်နယ်ထဲတွင်ပါဝင်သည်ဟု သိရသည်။

ဝေလငမန်း (Whale Shark) သည် ငါးမန်း မျိုးစိတ်တစ်မျိုးဖြစ်ပြီး Galeocerdo မျိုးစု၏ တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် လူသိအများဆုံး ငါးမန်း မျိုးစိတ်များထဲမှ တစ်ခုလည်းဖြစ်သည်။ ကျားငါးမန်းများသည် ခန္ဓာကိုယ် အရှည် ၁၈ ပေ (၅.၅ မီတာ) အထိရှိပြီး အလေးချိန်အားဖြင့် ပေါင်ချိန် ၂၀၀၀ (၉၀၀ ကီလိုဂရမ်) ကျော်အထိ ရှိတတ်ကြသည်ဟု သိရသည်။

July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...