ထိုင်းနိုင်ငံသားတစ်ဦးအသတ်ခံရမှုကြောင့် တရားစွဲခံနေရသည့် ရခိုင်လူငယ် ၂ ဦး သက်သေမခိုင်လုံ၍ လွတ်မြောက်

ထိုင်းနိုင်ငံသားတစ်ဦးအသတ်ခံရမှုကြောင့် တရားစွဲခံနေရသည့် ရခိုင်လူငယ် ၂ ဦး သက်သေမခိုင်လုံ၍ လွတ်မြောက်

ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့နယ်တွင် ထိုင်းနိုင်ငံသားတစ်ဦးကိုသတ်ပြီး မြေမြှုပ်အလောင်းဖျောက်မှုနှင့်ပတ်သက်၍ သံသယဖြင့်ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်လူငယ် ၂ ဦးသည် သက်သေမခိုင်လုံသည့်အတွက် လွတ်မြောက်လာခဲ့ပြီဟု သိရသည်။

လွတ်မြောက်လာသည့် လူငယ် ၂ ဦးမှာ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ အသက် ၂ဝ ကျော်အရွယ် ကိုအောင်ကိုဝင်းနှင့် ကိုမောင်ဆန်းအေးတို့ဖြစ်သည်။

သူတို့သည် ယင်းလူသတ်မှုတွင် သက်သေမခိုင်လုံ၍ဟုဆိုကာ အယင်းအမှုမှ အပြီးသတ်လွှတ်ပေးရန် ဆုံခလာခရိုင်တရားရုံးက ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(ထိုင်းတောင်ပိုင်း) ဟတ်ယိုင်ရုံးတာဝန်ခံ ဦးသိန်းထွန်းက နိရဥ္စရာကို ပြောသည်။

"အမှုကတော့ လုံးဝပြီးသွားပါပြီ။ သူတို့က ဒီအမှုမှာ သက်သေမခိုင်လုံတဲ့အတွက် အမှုကနေ အပြီးတိုင်လွှတ်ပေးဖို့ ဆုံခလာခရိုင်တရားရုံးမှာ တရားသူကြီး ၇ ယောက်က စီရင်ချက် ချခဲ့တာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလ ၃၁ ရက်က ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်၊ ဟတ်ရိုင်မြို့နယ်ထဲမှ ဘန့်ဖလူးနှင့် ထုံးလုံနယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်း ဖျောက်ဖျက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အသတ်ခံရသူ ထိုင်းနိုင်ငံသားသည် မလေးရှားသို့အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှသွားသည့် ရခိုင်အမျိုးသမီးတစ်ဦးအား တောထဲတွင် ဓားထောက်ပြီး ပြန်ပေးဆွဲရန် ကြိုးပမ်းရာမှ အုပ်စုဖွဲ့ ရိုက်နက်မှုကြောင့် လက်လွန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်များက သံသယရှိသူများကို လိုက်လံရှာဖွေဖမ်းဆီးစဉ် တောအုပ်ထဲတွင် မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်စောင့်နေကြသည့် ကိုအောင်ကိုဝင်းနှင့် ကိုမောင်ဆန်းအေးတို့အပါအဝင် မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို သံသယဖြင့် ဖမ်းဆီးခဲ့သည်။

ပြစ်မှုကျူးလွန်သူများသည် အခင်းဖြစ်ပြီးသည်နှင့် ထွက်ပြေးသွားကြပြီး သူတို့နှင့်အတူ လိုက်ပါလာသူများသာ ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် ကိုအောင်ကိုဝင်းနှင့် ကိုမောင်ဆန်းအေးတို့သည် လူသတ်မှုဖြင့် ၁ဝ လအကြာ တရားစွဲတင်ခံခဲ့ရပြီးနောက် သက်သေမခိုင်လုံ၍ ယခုလို အပြီးသတ်လွတ်မြောက်လာခြင်းဖြစ်သည်။

July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...