စစ်တွေတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများနိုင်ငံရေးမလုပ်ရန် စစ်ကောင်စီဥက္ကဋ္ဌပြော

စစ်တွေတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများနိုင်ငံရေးမလုပ်ရန် စစ်ကောင်စီဥက္ကဋ္ဌပြော

ပညာသင်ကြားရေးဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမလုပ်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် မတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် ရစစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

စစ်တွေတက္ကသိုလ်မှ ကထိကဆရာမတစ်ဦးက "ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံရေးမလုပ်ဖို့ပေါ့။ နောက်ပြီး ပါရဂူတန်းတွေဖွင့်ရေး၊ အဆောင်သစ်တွေ တိုးချဲ့တည်ဆောက်ရေးကိစ္စတွေ၊ ပညာတတ်လူသားအရင်းအမြစ်လိုအပ်တယ်ဆိုတဲ့အကြောင်းနဲ့ လက်ရှိ သူတို့လက်ထက်မှာ ပညာရေးတိုးမြှင့်ရေးတွေလုပ်နေတယ်ဆိုတာမျိုးတွေ ပြောခဲ့တာပါ"ဟု နိရဥ္စရာကိုပြောသည်။

ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံရေးထက် နိုင်ငံ့အရေးကို အလေးထားစေလိုကြောင်းကိုလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တစ်ဦးက "အဓိကက နိုင်ငံ၏အရေးလို့ သူကပြောတယ်။ နိုင်ငံ၏အရေးဆိုတာ တကယ်ဆက်စပ်ကြည့်ရင် နိုင်ငံရေးဟာ နိုင်ငံ၏အရေးလို့ပြောလို့ရတယ်။ တက္ကသိုလ်တွေကို Development ဖြစ်အောင်လုပ်မယ်ဆိုရင်လည်း လက်ရှိစစ်ကောင်စီလက်ထက်မှာ အာဏာပါဝါတွေ ပြတာတွေအများကြီးပဲ။  စစ်ကောင်စီလက်ထက် တာဝန်ထမ်းဆောင်သူတွေဆိုရင် အကျင့်ပျက်ခြစားမှုတွေရှိတယ်။ NLD လက်ထက်မှာဆိုရင် အများမဟုတ်တောင် အနည်းအကျဉ်းလောက် ကျောင်း Development အတွက်၊ နောက် ကျောင်းသားသမဂ္ဂတွေရယ်၊ ကျောင်းမှာရှိတဲ့ကောင်စီကလူတွေနဲ့ အကောင်းဆုံး ကျနော်တို့ကြိုးစားနိုင်ခဲ့တယ်။ ဒါတွေဟာ ကျောင်းသားရဲ့နိုင်ငံရေးတွေဖြစ်တယ်"ဟု ပြောသည်။

ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ် များစွာ လိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရေးနှင့် အသိများတိုးတက်စေရေး တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကြိုးပမ်းဆောင်ရွက်ရန်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံပွဲတွင် မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီပြည်ထောင်စု ဝန်ကြီးများအဖွဲ့သည် စစ်တွေရှိ လောကာနန္ဒာစေတီတော်ကြီးအား ထီးတော်သစ်တင်လှူရန်အတွက် မတ်လ ၃ဝ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့နေခြင်းဖြစ်သည်။

ယင်းအဖွဲ့ စစ်တွေသို့ရောက်သည့်နေ့တွင် စစ်တွေတက္ကသိုလ်အပါအဝင် စစ်တွေကန်တော်ကြီး၊ ပွိုင့်အပန်းဖြေစခန်း စသည့်နေရာများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...