သုံးရက်အတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းမိ

သုံးရက်အတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းမိ

မွန်ပြည်နယ်တွင် တွင် သုံးရက်အတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာဝန်းကျင်တွင် သုံးရက်အတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “သူတို့က ရေလမ်းကြောင်းကနေ မွန်ပြည်နယ်ကို ရောက်လာတာ ဖြစ်တယ်။ ဒီကနေ ထိုင်းကိုဝင်မယ် မလေးရှားအထိ သွားကြမယ်လို့တော့ သိရတယ်” ဟု ပြောသည်။

မတ်လ ၂၆ ရက်နေ့က ခလောက်ချကျေးရွာတွင် ရိုဟင်ဂျာ ကျား ၉ ဦးနှင့် မ ၅ ဦး ၁၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ အလားတူ မတ်လ ၂၅ ရက်နေ့တွင်လည်း ဝင်းစိန်ကျေးရွာ အနီးဝန်းကျင်တွင် ရိုဟင်ဂျာ ကျား ၂၈ ဦးနှင့် မ ၃ ဦး စုစုပေါင်း ၃၁ ဦး ထပ်မံ ဖမ်းဆီးခံရသည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတောအတွင်း မတ်လ ၂၄ ရက်နေ့က ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့တို့က သွားရောက် စစ် ဆေးရာမှ ကလေးအပါအဝင် ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် သုံးရက်အတွင်းမှာ အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၉၉ ဦးအထိ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်သို့ ရောက်ရှိလာပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ သွားကြမည့်သူများဖြစ်သည် ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို သံဖြူဇရပ်မြို့နယ် အားကစားကွင်းတွင် ထိန်းသိမ်းထားပြီး စစ် ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ် တနေရာတွင် ရိုဟင်ဂျာ အယောက် ၄၀ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

စုဆောင်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် တစ်နှစ်ကျော်ကာလအတွင်း မွန်ပြည် နယ် သံဖြူဇရပ်၊ မော်လမြိုင်၊ မုဒုံ အစရှိသည့်မြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ အယောက် ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် အချို့မှာ တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိနေသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...