စစ်ကိုင်းတိုင်း ဘုက္ကန်ရဲကင်းစခန်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ဟု NLA ထုတ်ပြန်

စစ်ကိုင်းတိုင်း ဘုက္ကန်ရဲကင်းစခန်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ဟု NLA ထုတ်ပြန်
ဘုက္ကန်ရဲစခန်းမှ သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများနှင့် NLA အဖွဲ့ (NLA)
ဘုက္ကန်ရဲစခန်းမှ သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများနှင့် NLA အဖွဲ့ (NLA)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး - တမူးကားလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းအား မတ်လ ၂၄ ရက် နံနက် ၇ နာရီကျော်ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)က ထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီး ၄၅ မိနစ်အကြာတွင် စစ်ကောင်စီတပ်သားများသည် ဘုက္ကန်ရဲကင်းစခန်းကို စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

စခန်းထဲမှ လက်နက်ငယ် မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၂ တောင့်၊ BA – 63 ရိုင်ဖယ် ကျည်ကကတ် ၁၂ ကတ်၊ BA – 94 ကျည်ကတ် ၂ ကတ်၊ AK – 47 ကျည်ကတ် ၂ ကတ်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း NLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် BA – 63 လှံစွပ် ၂ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ လမ်းလျှောက်စကားပြောစက် ၆ လုံး၊ စကား ပြောစက် အထိုင်စက် ၁ လုံး၊ လက်ထိပ် ၇ ခု၊ ကျင်စက် နံပတ်တုတ် ၁ ချောင်း၊ ရိုးရိုး နံပတ်တုတ် ၃ ချောင်းနှင့် ရဲယူနီဖောင်းများအား သိမ်းဆည်းရမိခဲ့ကြောင်းကိုလည်း ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲကို ဘုတ်ငှက်စစ်ဆင်ရေးဟု အမည်ပေးထားပြီး စစ်ကောင်စီ၏ ဒေါက်တိုင် မည်သည့် အဖွဲ့ အစည်းကိုမျှ ဒေသအတွင်းထားရှိမည်မဟုတ်ပဲ တိုက်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် အာဏာရှင် အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်း  NLA အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ကတော့ရှင်းပါတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ဘယ်လို တော်လှန်မှုမျိုးကို မဆို ပြုလုပ်သွားမယ်။ ဒေသတွင်းက စစ်ဒေါက်တိုင်တွေကို ဒီနေရာက သတိပေးတယ်လို့ ပြောချင်ပါတယ်”ဟု တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စခန်းသိမ်းပိုက်ခံရပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

NLA အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် တမူးကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)အဖြစ် ရှိနေခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လ ပိုင်းအတွင်းက အမျိုးသားလွတ်မြောက်ရေး တပ်မတော်(NLA) အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...
July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...