ရွှေတူးဖော်မှုကြောင့် ဒေသခံများ ရေအခက်အခဲဖြစ်

ရွှေတူးဖော်မှုကြောင့် ဒေသခံများ ရေအခက်အခဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်မောချောင်းနေရာတွင် ရွှေတူးဖော်နေမှုများကြောင့် ကျေး ရွာပေါင်း ၁၀ ရွာခန့်က ပြည်သူများ အသုံးပြုရန် ရေအခက်ခဲဖြစ်နေပြီဟု ဒေသခံများက ပြောသည်။

ရွှေတူးဖော်နေမှုများကြောင့် ရေအသုံးပြုရန်အတွက် အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာကွတ်ခိုင်မြို့နယ် ထဲက လင်လိုင်၊ ဟိုခို၊ မန်တုံ၊ ကုန်စုံ၊ မန်ဟောင်၊ ဟိုခိုကွက်သစ်၊ ဟိုခိုကမ်း၊ ဟိုနား၊ မိုင်းယုကွက်သစ်၊ ပန်လော့နှင့် မိုင်းယူကျေးရွာများ ဖြစ်သည်။

မိုင်းခွမ်းဆာ (အမည်လွဲ)က “အဲ့ဒီ နမ့်မောချောင်းသုံးတဲ့သူတွေက တအား အခက်ခဲဖြစ်ကြတယ်။ ရေချိုး၊ အဝတ်လျှော်၊ ထမင်းဟင်းချက် အဲ့ဒီရေပဲ အသုံးပြုကြတာ။ ရေက အရမ်းနောက်နေတော့ အခက်ခဲရှိကြတယ်။ ကျေးရွာခံတွေကလည်း အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တော့ မပြောပြချင်တာရယ် မပြောရဲတာရယ် အဲ့လိုတွေ ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ ရွှေတူးဖော်လုပ်ငန်းများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အကုန်ပိုင်းတွင် စတင်တူးဖော်လာခဲ့ကြခြင်း ဖြစ်ပြီး နမ့်မောချောင်းမှာ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် နမ့်ဖတ်ကာကြားတွင် ရှိသည့် ရေချောင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ရွှေတူးဖော်ပြီးသည့် နောက်ပိုင်း ဒေသခံရွာသားများမှာ သုံးရေအတွက် မိနစ် ၄၅ မိနစ်ခန့် လမ်းလျှောက် သွားရ သည့် အခြားချောင်းတစ်ချောင်းတွင် ရေသွားခပ်ယူသုံးကြရသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ မိုင်းယုလေးအုပ်စုမှ ဒေသခံ အမျိုးသမီးတစ်ဦးက “အဲ့ဒီရေက ပန်ကန်တွေ ဆေးဖို့ အဝတ် လျှော် ရေချိုးတာတွေ အသုံးပြုကြတယ်။ တကယ်ပြောရရင် ရေနောက်နေတော့ ကျမတို့ အရမ်းအခက်ခဲ ဖြစ် နေပါတယ်။ ဒါပေမယ့် ကျမတို့က မတိုင်ရဲ မပြောရဲကြပါဘူး။ ဘာလို့လဲဆို ကျမတို့ရဲ လုံခြုံရေးလည်း ရှိ တယ်။ တခြားရွာကလည်း ကျမတို့လိုပဲ ရေခက်ခဲကြတယ်။ဒါပေမယ့်ဘယ်သူမှ မတိုင်ရဲကြဘူး” ဟု ပြော သည်။

နမ့်မောချောင်းအနီးဝန်းကျင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

လက်ရှိ ထိုနမ့်မောချောင်း ပတ်ဝန်းကျင်တွင် ရွှေတူးဖော်နေကြသည့် လုပ်ငန်းရှင်များမှာ စစ်ကောင်စီတပ်ဖွဲ့ အပြင် TNLA နှင့် KIA တပ်ဖွဲ့များ၏ ခွင့်ပြုချက်များ ရယူကာ ရွှေတူးနေကြခြင်း ဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံ အချို့က ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ဒေသခံရွာသားများမှာ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းကို တိုင်ကြား ရမည် အကူအညီတောင်းရမည်ကို မသိဘဲ တိုင်ကြားရန်ပင် ကြောက်လန့်နေကြခြင်း ဖြစ်သည်ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ TNLA နှင့် KIA မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နမ့်မောချောင်းအတွင်းနှင့် အနီးဝန်ကျင်တွေ ရွှေတူးဖော်နေမှုများကြောင့် ပြဒါများ၊ စက်ပစ္စည်းကထွက်သည့် ဆီများနှင့် အခြားသော ဓါတုပစ္စည်များကြောင့် ချောင်းရေမှာလည်း နောက်ကျနေပြီးလယ်ယာများအတွင်း တင်သွင်း၍ စိုက်ပျိုးရေး လုပ်ကိုင်ရန်ပင် အခက်အခဲဖြစ်လာနေပြီဟု ကွတ်ခိုင်မြို့နယ်အတွင်းက လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...