တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ

တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ ကတိုင်တိ ကျေးရွာအခြေစိုက် ရဲစခန်းကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ရဲမေတစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်က ယနေ့ သတင်းထုတ်ပြန်လာသည်။

ထိုနေ့တစ်ရက်အတွင်းပင် စစ်ကောင်စီ၏ သစ္စာခံ နယ်ခြားစောင့်တပ်-BGF တပ်ရင်း (၁၀၁၃) တပ်ဖွဲ့ဝင်များကို KNLA ဘက်က ဝင်ရောက်တိုက်ခိုက်ရာ BGF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းကို အခြေခံပြီး KNU မူတြော်ခရိုင်သတင်းစဉ်က ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ မြေပြင် နှင့် ဝေဟင် နည်းလမ်းများဖြင့် စစ်ရေး ဝင်ရောက် လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် စစ်ကောင်စီ နှင့် KNLA တပ်ဖွဲ့ဝင်များအကြား စဉ်ဆက်မပြတ် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း KNU က ဆိုသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံ ကျေးရွာများနှင့် တောင်ယာခင်းများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်နေပြီး အဆိုပါ ပစ်ခတ်မှုများကြောင့်လည်း ဒေသခံ ရွာသားများ ထိခိုက် သေဆုံးမှုများရှိကြောင်း KNU တပ်မဟာ (၅)ဘက်က ထုတ်ပြန်ထားသည်။

အလားတူ  ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က BGF တပ်ရင်း (၁၀၁၃)တပ်ဖွဲ့ဝင်များမှ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ပိုဂါကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့သောကြောင့် ပိုဂါ ကျေးရွာဒေသခံ အသက် (၃၉) နှစ်အရွယ် နော်ဒါးဖိုးနှင့် အသက် (၁၆)နှစ်အရွယ် နော်ဘလယ်တို့နှစ်ဦး ထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း KNU ဘက်က ဆိုထားသည်။

KNU တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲနေ့စဉ် နီးပါးဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လ တာအတွင်း တိုက်ပွဲပေါင်း (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၆၉ ဦးသေဆုံးပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် KNLA ဘက်တွင်လည်း ၂ ဦး ကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ လစဉ်သတင်းထုတ်ပြန်ချက်အရ သိရသည်။

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...