နေရပ်အတင်းပြန်ပို့ခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်များ ရပ်တည်ရေးအထူးခက်ခဲနေ

နေရပ်အတင်းပြန်ပို့ခံခဲ့ရသည့် ရခိုင်စစ်ဘေးရှောင်များ ရပ်တည်ရေးအထူးခက်ခဲနေ
မတ်လ ၃ ရက် နံနက်က နေရပ်ပြန်ပို့ခံခဲ့ရသည့် ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေးရှောင်များ။
မတ်လ ၃ ရက် နံနက်က နေရပ်ပြန်ပို့ခံခဲ့ရသည့် ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေးရှောင်များ။

ရခိုင်ပြည်တည်ငြိမ်အေးချမ်းနေပြီဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူများက ထောက်ပံ့ကြေး အနည်းငယ်ပေး၍ နေရပ်ကိုအတင်းပြန်ပို့ခဲ့သော စစ်ဘေးရှောင်များမှာ ကျေးရွာများသို့ ပြန်ရောက်ပြီးနောက် ရပ်တည်နေထိုင်ရေး အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။

စစ်ဘေးရှောင် တစ်ဦးက "ကျွန်တော်တို့ ရွာပြန်ရောက်နေကြပါပြီ။ ကျနော်တို့နေခဲ့တဲ့ အိမ်တွေလည်း သုံးလေးငါးနှစ်ပစ်ထားရတော့ အကုန်လုံးပျက်စီးနေပြီ။ အိမ်တွေပြန်ဆောက်ဖို့ အများစု မိသားစုတွေက မတတ်နိုင်ဘူး။  အခုအိမ်ခြံထဲမှာ တဲထိုးပြီးနေရတယ်။ နေထိုင်ရေး စာရေးသောက်ရေးကအစ အခက်အခဲရှိနေပါတယ်" ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းရာတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ စီစဉ်ပြီး ပြန်လွှတ်ခြင်းမျိုး မဟုတ်ဘဲ ပြီးစလွယ် ငွေကြေးအနည်း အကျဉ်းပေးပြီး အတင်း ပြန်လွှတ်ခဲ့သဖြင့် စစ်ဘေးရှောင်အများစုမှာ နေစရာ အိမ်မရှိ၊ စားနပ်ရိက္ခာမရှိ အခက်အခဲကြုံနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ နေရပ်ကို ပြန်ပို့ရာမှာ အိမ်ထောင်စုတစ်ခုကို ငွေကျပ် ၆ သိန်းနဲ့  ဆန်တစ်လစာ ထောက်ပံ့ ပေးပါတယ်။ ဒီလောက်ကုန်စျေးနှုန်းတွေကြီးတာမှာ ဒီလောက်ငွေနဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မရပါ။ တောတောင်ကို တက်ပြီး ဝါးခုတ်၊ သစ်ခုတ်မယ်ဆိုရင်လည်း မိုင်းကို ကြောက်ရပါတယ်။  အခုက နေစရာမရှိ၊ စားစရာမရှိ ဖြစ်နေကြပါပြီ။ ရပ်ရွာအနီးမှာ  မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးမယ်လို့  ဝန်ကြီးချုပ်ကိုယ်တိုင် ကတိပေးခဲ့ပေမယ့် အခုအချိန်ထိလည်း မိုင်းရှင်းလင်းပေးတာ မရှိသေးပါဘူး။ ”

မတ်လ ၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ဦးရေ ၅၃၂ ဦးကို စစ်ကောင်စီက တစ်စုံတစ်ရာ ကြိုတင် ပြင်ဆင် စီစဉ်မှု မရှိဘဲ နေရပ်ပြန်ပို့ခဲ့ပြီး  ၎င်းတို့မှာ သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ ဒိုးတန်းနှင့် ပလက်ဝမြို့နယ် နှမဒါကျေးရွာများက ဖြစ်ကြသည်။

လက်ရှိအချိန်ထိ ရွာသားများလုပ်ကိုင်စားသောက်ခဲ့သည့် ရပ်ရွာအနီး တောင်ယာဥယျာဉ်များတွင် စစ်လက်နက်အကြွင်းကျန်နှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းမပေးသေးသောကြောင့် ကျေးရွာသားများမှာ တောတောင်တက်ပြီး အသက်မွေးဝမ်းကျောင်းပြုရေး အခက်အခဲ ကြုံနေရသည်ဟု ပြောဆိုကြသည်။

မြေပုံမြို့နယ်မှ နေရပ်ပြန်ပို့ခံရသည့် စစ်ရှောင်တစ်ဦးက "ကျွန်တော်တို့ရွာက လူတွေက လယ်စိုက် စားတာနည်းပါတယ်။ တောင်ယာလုပ်ပြီးအသက်မွေးကြတာပါ။ အခုက တောင်ယာဥယျာဉ်တွေဆီ သွားဖို့လည်း မိုင်းမရှင်းလင်းပေးတော့ အလုပ်လုပ်ဖို့ မသွားရဲသေးဘူး" ဟု ပြောသည်။

ယင်းသို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအခက်အခဲများရှိနေ၍ နေရပ်ပြန်ပို့ရာတွင် စစ်ကောင်စီထောက်ပံ့သည့် ငွေကြေးနှင့် တစ်လစာဆန်ကုန်ပါက ငတ်ပြတ်တော့မည့် အခြေအနေပင်ရှိနေကြောင်းလည်း ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ရုတ်တရက်အပစ်ရပ်လိုက်ပြီးနောက် ရခိုင်ရှိ စစ်ဘေးရှောင်များကို အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်းများ၊ နေရပ်ပြန်ရန် ဖိအားပေး၊ ခြိမ်းခြောက်၊ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်ဆန်း ရခိုင်တကျော့ပြန်တိုက်ပွဲကာလကပင် စစ်ရှောင်စခန်းများကို စားနပ်ရိက္ခာဖြတ်တောက်ထားပြီး စားဝတ်နေရေးအတွက် ၄င်းတို့ကိုယ်တိုင် ရှာဖွေစားသောက် ရပ်တည်ခဲ့ကြရကြောင်း  အဆိုပါစစ်ရှောင်များက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ စစ်ဘေးရှောင်များအား မိုးမကျမီ နေရပ်သို့ပြန်ကြရန် ဖိအားပေးပြောဆိုခဲ့ကြသည်။

ယင်းနောက် ရခိုင်ရှိ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်များကို အဓမ္မနေရပ်ပြန်ခိုင်းကာ စစ်ဘေးရှောင်စခန်းများကိုလည်း ဖျက်သိမ်းမှုများကို စစ်ကောင်စီက လုပ်ဆောင်လာနေကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...