ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်ပြီး (၇) လသားကလေးငယ်တစ်ဦး သေဆုံး

ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်ပြီး (၇) လသားကလေးငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဗူးပြားရွာမှာ ကလေး(၂၀)ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီးအဲဒီထဲက (၇)လအရွယ် ကလေးငယ်တစ်ဦး သေဆုံးထားတယ်လို့ ကူညီနေသူတွေက သံလွင်တိုင်းမ်ကိုပြောပါ တယ်။

ဗူးပြားကျေးရွာကကလေး(၂၀) ကျော်ဟာ ဖေဖော်ဝါရီလအစပိုင်းတည်းက ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြကာ အချိန်မီကုသဖို့ နောက်ကျခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ(၁၄) ရက်မှာတော့ (၇)လအရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတာပါ။

လက်ရှိဝမ်းရောဂါဖြစ်ပွားနေတဲ့ ကလေးတွေဟာ အသက်(၅) နှစ်အောက်တွေဖြစ်ပြီး အခြေအနေဆိုး ရွားခဲ့ပေမယ့်လည်း ဆေးကုသမှုတွေပြန်လည်ရရှိလာပြီဖြစ်တဲ့အတွက် အဆင်ပြေတဲ့အခြေအနေရောက်လာပြီလို့ မိုးဗြဲလူမူကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဝမ်းရောဂါဖြစ်ပွားနေတဲ့ ကျေးရွာမှာ အိမ်ခြေ(၅၁)လုံး၊ လူဦးရေ(၃၀၀) ကျော်နေထိုင်ပြီး ကယားပြည် နယ်ထဲက ထွက်ပြေးလာရတဲ့ စစ်ရှောင်ပြည်သူတွေပါ နေထိုင်နေတဲ့ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်တွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်သုံးရေရှားပါးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်စွာမရကြတဲ့အတွက် ဝမ်းရောဂါဖြစ်ပွားမှုတွေ များလာတာဖြစ်ပါတယ်။

လူဦးရေ(၃) သိန်းကျော်နေထိုင်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူ (၂) သိန်းကျော်ရှိနေပြီး အဲဒီထဲက (၃၅) ရာခိုင်နှုန်းသာ ကျန်းမာ ရေးစောင့်ရှောက်မှုရနေတယ်လို့ သိရပါတယ်။

လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ(ISP-Myanmar) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ စစ်ဘေးရှောင်အရေအတွက်မှာ စစ်ကိုင်းတိုင်းပြီးရင် ကယားပြည်နယ်က ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ကတော့ ကယားပြည်နယ်အတွင်းက စစ်ဘေး ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ရွေ့လျားအဖွဲ့တွေနဲ့ ကုသပေးနေသလို ဆေးဝါးတွေရရှိနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ကလေး(၃)သန်းကျော်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (Unicef Myanmar)က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ- Mobye Rescue Team

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...