စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ရပ်တည်မှုကို နိဂုံးချုပ်ဖို့ရည်ရွယ်တာလား၊

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ရပ်တည်မှုကို နိဂုံးချုပ်ဖို့ရည်ရွယ်တာလား၊

ဇန်နဝါရီလ(၂၆)ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အကြိမ်တိုင်းတွင် လူထုထောက်ခံမှုအများဆုံးဖြင့် အနိုင်ရခဲ့သော NLD ပါတီ၏ ရပ်တည်မှုကို နိဂုံးချုပ်စေရန် ရည်ရွယ်ပုံရသည်ဟု နိုင်ငံရေး လေ့လာအကဲခတ်သူများက ပြောဆိုသည်။  

အသစ်ပြဌာန်းလိုက်သည့် ဥပဒေ၊ အခန်း(၅) ပုဒ်မ (၂၅)အရ ၂၀၁၀ ခုနှစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိနေသော ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါကနိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပုဒ်မ ၁၂(က) (၅)အရ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းသို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ်အားပေးကူညီခြင်း.. ဟု ဖော်ပြထားရာ လက်ရှိ  NLD ပါတီ၏ တည်ရှိမှုကို စစ်ကောင်စီက သွယ်ဝိုက်သောနည်းဖြင့် ဖျက်သိမ်းပစ်ရန် ထုတ်ပြန်လိုက်သည့် ဥပဒေသစ်ဟု ဆိုရမည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ(၂၇)ရက်တွင် စတင်ထူထောင်ခဲ့သော NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရသော်လည်း အာဏာလွှဲအပ်ခြင်းမခံရဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နအဖ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၀ ခုနှစ်၊ မေလ(၆)ရက်နေ့တွင် တရားမဝင် ပါတီအဖြစ် ကြေညာကာ ပထမအကြိမ် ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

သို့သော် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်လာပြီးနောက် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် လျှောက်ထားခွင့်ပြုခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု၍ တရားဝင်ပါတီအဖြစ်ပြန်လည်ရပ်တည်ခဲ့သည်။

တရားဝင်ပါတီအဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်နေရာ(၄၅)အနက် (၄၄)နေရာ အနိုင်ရခဲ့သည်။

NLD ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် မဲဆန္ဒဖြင့် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သလို ငါးနှစ်အကြာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အပြတ်အသတ်ထပ်မံ အနိုင်ရခဲ့သည်။

NLD က အစိုးရသစ် စတင်ဖွဲ့စည်းရန် လွှတ်တော်ကျင်းပမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးကောက်ပွဲအတွင်း မဲ မသမာမှု ရှိသည်ဟုဆိုကာ အာဏာရယူလိုက်ပြီး (၂) နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ် ကို ပြဌာန်းလိုက်ခြင်းဖြစ်သည်။

NLD ပါတီ၏ တည်ရှိမှု နှင့် ပတ်သက်၍ မှန်းဆချက်များ အမျိုးမျိုး ထွက်ပေါ်ခဲ့ဖူးရာ တရုတ်ကွန်မြူနစ်ပါတီ နှင့် NLD အကြား ကောင်းမွန်သော ဆက်ဆံရေးရှိသည့်အတွက် စစ်ကောင်စီက မဖျက်သိမ်းရဲဟု ဆိုကြသလို သတင်းစာရှင်းလင်းပွဲများတွင် NLD ပါတီအား မဖျက်သိမ်းသေးဘူလားဟု စစ်ကောင်စီလိုလားသူများ၏ မေးခွန်းများအကြိမ်ကြိမ်ထွက်ပေါ်ခဲ့သည်။

ယခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ပါ ပြဌာန်းချက်များအရ ယခင်တည်ရှိခဲ့သောတိုင်းရင်းသားပါတီများအပါအဝင် အင်အားအသင့်အတင့်ရှိ ပါတီအများအပြား ဆက်လက်ရပ်တည်နိုင်ဖွယ်မရှိတော့ဘဲ စစ်ကောင်စီ လိုလားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် လက်ချိုးရေတွက်လို့ရသည့် ပါတီအနည်းငယ်သာ ကျန်ရစ်ဖွယ်ရှိသည်။

လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင်စီ သက်တမ်း (၂) နှစ်ပြည့်မည်ဖြစ်ရာ စစ်ကောင်စီဥက္ကဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၂၇(ခ) အရ ဒုတိယ သမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီထံ လွှဲအပ်ထားသည်ဟု ဆိုသော အာဏာသုံးရပ်ကို ပြန်လည်အပ်နှင်းရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဖမ်းဆီးထိန်းသိမ်းလျှက် ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ စစ်ကောင်စီအား အာဏာလွှဲပေးခဲ့သည်ဟု ဆိုသော်လည်း NLD ပါတီကို ထောက်ခံမဲပေးခဲ့ကြသည့် သန်းပေါင်းများစွာသောပြည်သူလူထု၏ မကျေနပ်မှု နှင့်အတူ နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြပွဲများမှ တစ်ဆင့် ပဋိပက္ခမီးတောက်တစ်နေ့တခြားကြီးထွားလာခဲ့ရာ နိုင်ငံသည် အဖက်ဖက်က ယိုယွင်းနေသော ကျရှုံးနိုင်ငံ( Failed State )အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။

Most read this week

May 9, 2024
ရခိုင်ပြည် ၊မောင်တောမြို့အနီး ရွှေရင်းအေး(ရခိုင်)ကျေးရွာ နှင့် ညောင်ချောင်း (မွတ်ဆလင်)...
May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...
May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...