“မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ရှုံးနိမ့်မှုတွေအပေါ် အငြိုးအတေးထားပြီး ရခိုင်လူမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်”

“မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ရှုံးနိမ့်မှုတွေအပေါ် အငြိုးအတေးထားပြီး ရခိုင်လူမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်”
ဦးခိုင်သုခ (ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ)
ဦးခိုင်သုခ (ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ)

ရခိုင်ပြည်နယ်တွင် လတ်တလောရက်များအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိဘဲ လက်နက်ကြီးများဖြင့် လူနေကျေးရွာများထဲ  ပစ်ခတ်နေသဖြင့် သေဆုံးသူ၊ ဒဏ်ရာသူများ တစ်နေ့ တစ်ခြား မြင့်တက်လာနေပါသည်။ ထိုကဲ့သို့  စစ်ကောင်စီတပ်က ရခိုင်ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ( AA)  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းပြီး အမြင်သဘောထားများကို တင်ပြပေးလိုက်ပါသည်။

နိရဉ္စရာ-  မနေ့က နိုဝင်ဘာ  ၁၆ ရက်နေ့ မောင်တောမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရပ်ရွာထဲကို ပစ်ခတ်တဲ့အတွက်  အရပ်သားပြည်သူတွေ အစုလိုက် အပြုံလိုက်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အေအေဘက်က သိရှိထားတဲ့  အခြေအနေတွေကို ပြောပြပေးလို့ ရနိုင်မလား။

ဦးခိုင်သုခ- မနေ့က နေ့လယ် ၁ နာရီလောက်မှာ မောင်တောမြို့နယ်၊ ကြိမ်ချောင်း နခခ(၇)ကနေပြီး လက်နက်ကြီး (၂) လုံးပစ်တာ ရှိတယ်။  အဲ့ဒီပစ်လိုက်တဲ့ ၂ လုံးက ဂြိတ်ချောင်းမြိုရွာမှာ ကလေး ကင်ပွန်းတပ်ပွဲမှာ ကျရောက်ပေါက်ကွဲပြီး အဲ့ဒီပွဲကိုရောက်နေတဲ့ အရပ်သားပြည်သူ (၁၀) ဦးသေဆုံးပြီး  (၂၄) ယောက်ဒဏ်ရာရသွားတယ်လို့ သိရတယ်။ တချို့ကို ကြိမ်ချောင်းမှာ ဆေးကုသနေပြီး နောက် ဒဏ်ရာပြင်းထန်သူတွေကိုတော့ မောင်တောဆေးရုံကိုယူသွားတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီနေ့ မနက် ၁၁ နာရီက ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ (၃၇၇) နဲ့ (၅၃၉) တပ်ရင်းတွေက လက်နက်ကြီး တပ်တွေက (၁၀၅) မီလီမီတာလို့ထင်ရတဲ့ လက်နက်ကြီး (၁၄) လုံး လှမ်းပစ်တာရှိတယ်။ အဲ့ဒီ လက်နက်ကြီးက ချောင်းတူရွာကို ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ အမျိုးသား(၃) ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး (၂) နဲ့ အမျိုးသားတစ်ဦး စုစုပေါင်း (၃) ဦး ဒဏ်ရာရသွားတာ ရှိပါတယ်။

နိရဉ္စရာ- အခုလို သူတို့ စစ်ကောင်စီတပ်တွေ အနေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဟာ အဲ့ဒီကျေးရွာဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့လို့ပါလား။ ဒါမှမဟုတ် ဘာကြောင့် အခုလို ပစ်ခတ်တာဖြစ်တယ်လို့ ထင်ပါလဲ။

ဦးခိုင်သုခ- ဒါဟာ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့အရပ်သားပြည်သူတွေကို မတရားပစ်ခတ်သတ်ဖြတ်နေတာတွေ ဖြစ်ပါတယ်။ အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို မတရားပစ်ခတ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ ရက္ခိုင့်တပ်တော် အနေနဲ့ အခြေနေပေးရင်ပေးသလို ကျနော်တို့ လက်တုံ့ပြန်သွားမှာဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင် တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူတွေကို အခုလိုမျိုး မတရား ပစ်ခတ် သတ်ဖြတ်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာ ဖြစ်တယ်။ ဒီစစ်ရာဇဝတ်မှုတွေအတွက်လည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ တာဝန်ယူမှု ၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။

နိရဉ္စရာ- အခုလို လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ဒေသခံတွေသေဆုံးမှုကလည်း တစ်နေ့ထက် တစ်နေ့တိုးလာနေပါတယ်။ ဒီအပေါ် မှာကော ဆရာတို့အနေနဲ့ ဘာများပြောချင်ပါလဲ။

ဦးခိုင်သုခ- မြန်မာစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး သူရဲဘောကြောင်စွာ ပစ်ခတ်နေတာက မြန်မာစစ်တပ်ရဲ့ စစ်သားမပီသမှု၊ ယောကျာ်း မပီသမှု၊ သူရဲဘောကြောင်မှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ရှုံးနိမ့် မှုတွေကို ပြည်သူတွေအပေါ်အငြိုးအတေးထားပြီး ရခိုင်ပြည်သူတွေကို လူမျိုးရေးအရအခုလို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ အဓိက ကြေးတပ်ဟာမတိုးနိုင်ဖြစ်နေတဲ့အတွက် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူတွေကို အဓိကထားပြီး စစ်တိုက်တာတွေ့ရတယ်။ လေကြောင်းတိုက်ပွဲမှာလည်း အရင်က ရဟက်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေ အပြင် အခုတော့ ဒရုန်းတွေကိုပါ တွင်တွင်ကျယ်ကျယ်သုံးပြီး အရပ်သားပြည်သူတွေကို ဒရုန်းတွေနဲ့ လာပစ်တာတွေ၊ ရွာထက်မှာ ဒရုန်းတွေ အချိန်ပြည့်ပျံဝဲပြနေတာတွေ၊ ဒါတွေဟာ ကျနော်တို့ ပြည်သူတွေကို မြန်မာစစ်တပ်ဘက်က ခြိမ်းခြောက်နေတာတွေ ဖြစ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်တော့ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုကို ပြည်သူတွေ မထောက်ခံရဲအောင် ၊ စိတ်ဓာတ်ရေးရာတွေ ပျက်စီးသွားအောင်၊ ကြောက်လန့်သွားအောင် မြန်မာစစ်ကောင်စီတပ်က သူရဲဘောကြောင်စွာ လုပ်နေတာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့ပြည်သူတွေရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ လွတ်မြောက်လိုမှုကိုတော့ မြန်မာစစ်တပ်အနေနဲ့ အခုချိန်ထိ လုံးဝချိုးနှိမ်လို့ မရဘူးဆိုတာကိုတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဖော်ပြနေတာဖြစ်ပါတယ်။ တစ်ဖက်မှာ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ရှုံးနိမ်းမှုတွေကို သူတို့ကိုယ်တိုင်ဝန်ခံနေတာလည်း ဖြစ်တယ်လို့ ကျနော်တို့က ဒီလိုပဲမြင်ပါတယ်။

နိရဉ္စရာ- အခုလို ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုဖြစ်ပေါ်နေတဲ့ အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အားမလို အားမရဖြစ်နေကြတာတွေရှိနေပါတယ်။ စစ်ကောင်စီအပေါ် ရက္ခိုင့်တပ်တော်အနေနဲ့ ဘယ်လိုတုံ့ပြန်သွားဖို့ရှိပါသလဲ။

ဦးခိုင်သုခ- ကျနော်တို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (AA) အနေနဲ့ကတော့ ကျနော်တို့ ပြည်သူတွေ ခုလို မတရားသတ်ဖြတ်ခံရမှုအတွက် ဘယ်လိုအခြေအနေမှာမဆို ကျနော်တို့ဟာ မဖြစ် ဖြစ်အောင် လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။

Most read this week

May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...
May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...