ဘိလပ်မြေစက်ရုံ ကန့်ကွက်မည်ဆိုပါက တိုင်းပြည်တိုးတက်မည်မဟုတ်ဟု ပြည်နယ်အစိုးရဆို

ဘိလပ်မြေစက်ရုံ ကန့်ကွက်မည်ဆိုပါက တိုင်းပြည်တိုးတက်မည်မဟုတ်ဟု ပြည်နယ်အစိုးရဆို
ဘိလပ်မြေစက်ရုံတည်ဆောက်မည့် နေရာသို့သွားရာလမ်းတလျှောက်တွင် တွေ့ရသည့် ကပ်ထူစာ (ဓါတ်ပုံ – Anthony Tu Reh/Facebook)
ဘိလပ်မြေစက်ရုံတည်ဆောက်မည့် နေရာသို့သွားရာလမ်းတလျှောက်တွင် တွေ့ရသည့် ကပ်ထူစာ (ဓါတ်ပုံ – Anthony Tu Reh/Facebook)
သြဂုတ်လ ၁၅ရက်နေ့ လွိုင်ကော်စီးတီးတွင် တစ်နေ့ တန်(၄၀၀၀)ထွက်ရှိမည့် ဘိလပ်မြေစက်ရုံတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဘိလပ်မြေစက်ရုံတည်ဆောက်မည့် လမ်းတစ်လျှောက်တွင် “ဘိလပ်မြေစက်ရုံအလိုမရှိ” စသည့် စာတန်းပါ ကဒ်ထူပြားများ၊ ဆိုင်းဘုတ်များကို စိုက်ထူထားခဲ့သည်ကို တွေ့ရပါသည်။

၎င်းကိစ္စရပ်နှင့်ပတ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအံ့မော်က“အမှန်ကတော့ သူတို့တွေ ဒီအတိုင်းပဲ ကန့်ကွက်နေမယ်ဆိုရင် တို့တိုင်းပြည်လည်း ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒေသတွင်းက လူတွေကတော့ အလုပ်အကိုင်အခွင့်အလမ်းသေချာပေါက် ရရမယ်လေး။ နောက်ပြီး ဒီကထွက်ကုန်တွေ ဘာပြောပြော ပြည်နယ်ရဲ့ ဂျီဒီပီအများကြီး အထောက်အကူပြုတယ်လေး” ဟု ပြောသည်။

ပြည်နယ်အတွင်း ဘိလပ်မြေစက်ရုံတည်ဆောက်ဖြစ်ခဲ့လျှင် ဒေသခံများသည် နံပါတ်တစ်အနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအံ့မော်က ပြောသည်။

“နံပါတ်တစ်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်ပေါ့၊ နံပါတ်နှစ်အနေနဲ့ ပြည်နယ်ရဲ့ ဂျီဒီပီတွေ တက်လာမယ်ပေါ့၊ ဘာမှမလုပ်ပဲ နေနေရင်လည်း ဒီစက်ရုံစီမံကိန်းက ကြာပြီလေး။ အရင်အစိုးရတည်းက သူတို့လုပ်ဖို့စိုင်းပြင်းနေတာ ၊ မြေကိစ္စဆိုရင် သူတို့လျှော်သင့်တဲ့ဟာတွေ တော်တော်များများကို လျှော်ပေးခဲ့ပြီ။ ပြီးတော့မှ ဒီဘက်ကကန့်ကွက်လို့ဆိုပြီးမှ သူတို့ကရပ်သွားတာ” ဟု ပြောသွားခဲ့သည်။

လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်းလူထုများတွေ့ဆုံလျှက်ရှိပြီး ဘိလပ်မြေစက်ရုံ တည်ဆောက်စီမံကိန်းနှင့် ပတ်သက်ပြီး လူထုအခြေပြုအဖွဲ့အစည်းတချို့နှင့် ဒေသခံများက ကန့်ကွက်နေသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်ကပြောသည်။

“ကျွန်တော့်အနေနဲ့ကတော့ အလုပ်အကိုင်ပေးမယ် ဘာပေးမလဲဆိုရင်တော့ အစောင့်တွေပေးမယ်။ ပြီးတော့ သန့်ရှင်းရေးသမားတွေခေါ်မယ် ပြီးတော့ အလေးအပင်မတဲ့ နေရာမှာသုံးမယ် ဒီလောက်ပဲ။ တကယ့်ရာထူးကြီးကြီးတော့ နေရာရမှာမဟုတ်ဘူးပေါ့။ ဒီလုပ်ငန်းကို ဆက်ပြီးလုပ်မယ်လို့ ကျွန်တော်မထင်ဘူး၊ တကယ်လို့ သူတို့ တာဝန်ယူမှု တာဝန်ခံမှုတွေ အပြည့်ရှိမယ်ဆိုပြီး ဆက်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့တော့ ဒါတွေကို ဦးဆောင်ပြီးတော့ ဆန္ဒပြပွဲလုပ်မယ်” ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌကိုတူရယ်က ပြောသည်။

ဘိလပ်မြေစက်ရုံလာဆောက်မည့် ကုမ္ပဏီမှာ ညီညာစွမ်းအားလုပ်ငန်းစု ကုမ္ပဏီလိမိတက်ဖြစ်သည်။

၎င်းစီမံကိန်းသည် ယခင်အစိုးရလက်ထက်တွင် စတင်ဆွေးနွေးလာခဲ့ကြပြီး လူထုများ ကန့်ကွက်ခဲ့ကြပြီးနောက် ရပ်ဆိုင်းသွားခဲ့ရာမှ ပြန်လည်ပြီး အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရနှင့် ကုမ္မဏီတို့က လူထုအဖွဲ့အစည်းများနှင့် စတင်ဆွေးနွေးအဖြေရှာနေကြသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...