နွေဦးတော်လှန်ရေး အောင်ပွဲအတွက် ရှစ်လေးလုံးရဲ့ လက်ဆင့်ကမ်းအမွေ

နွေဦးတော်လှန်ရေး အောင်ပွဲအတွက် ရှစ်လေးလုံးရဲ့ လက်ဆင့်ကမ်းအမွေ
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင် ဆန္ဒပြနေသူများကို တားဆီးရန် ပြင်ဆင်နေသည့် စစ်သားများ
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင် ဆန္ဒပြနေသူများကို တားဆီးရန် ပြင်ဆင်နေသည့် စစ်သားများ

“သမိုင်းဆိုတာက မျိုးဆက်တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းပြီးတော့ ကိုယ့်တိုင်းပြည်အတွက်ကောင်းတဲ့ ကိစ္စရပ်တွေ၊ ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ ဖြစ်လာအောင် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်လက်ဆင့် ကမ်း ကြိုးပမ်းကြတာဘဲလေ” လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက နွေဦးတော်လှန်ရေးတွင် အသက်စွန့်တိုက်ပွဲဝင်နေကြသည့် ရဲဘော်ကျောင်းသားလူငယ်အချို့ကို အသိအမှတ်ပြုစကားဆိုလိုက်ခြင်းဖြစ်သည်

၈၈ လူထုအရေးတော်ပုံကာလအတွင်း တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးခဲ့သည့် နိုင်ငံများ ဒုနှင့်ဒေးရှိသည့် အနက် တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချရန် လူထုလှုပ်ရှားမှု၊ လူထုအင်အားဖြင့် ပထမဆုံးတိုက်ထုတ်ခဲ့သည့် နိုင်ငံသည် မြန်မာနိုင်ငံပင်ဖြစ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် အာဏာရှင်နေဝင်းက ဘဏ်များ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ပြည်သူပိုင်သိမ်းလိုက်ပြီးနောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်မှ ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုပြောင်းပြန်လှန်ပစ် လိုက်သည့်အတွက် တိုင်းပြည်စီးပွားရေးပြိုကျသွားခြင်းကြောင့် လူထုရဲ့မကျေနပ်မှုနှင့်အတူ ရှစ်လေးလုံး လူထုအရေးတော်ပုံပေါ်လာရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရှစ်လေးလုံးလူထုအရေးတော်ပုံအပြီး လူထုတောင်းဆိုသည့် အချက်နှစ်ချက်ကိုအာဏာရှင်များ က အကောင်အထည်ဖော်ပေးခဲ့သော်လည်း ပြည့်ဝသည့်စနစ်မျိုးမဟုတ်ဘဲ ရေပေါ်ဆီသက်သက်လူထု ငြိမ်လျှင်ပြီးသည်ဆိုသည့် သဘောအရသာ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သူ့၏ အတွေ့အကြုံကို ပြောပြသည်။



ရှစ်လေးလုံး လူထုအရေးတော်ပုံတွင် ပါဝင်ဆန္ဒပြနေသည့် ပြည်သူများ

“ရှစ်လေးလုံးလူထုတော်လှန်ရေးအပြီးမှာ စျေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်အဲ့ဒီနှစ်ချက်ကို ပြောင်းလဲနိုင်ခဲ့တယ်။ သို့သော် အာဏာရှင်ကဘဲ ချုပ်ကိုင်ထားတော့အပြည့်အဝမခံစားခဲ့ရဘူး။ပါတီစုံ ဒီမိုကရေစီစနစ်ကိုတော့ သွားတယ်။ အဲ့ဒီမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ(NLD) ပေါ်လာတယ်။ NLD ပြီးရင် အဲဒီအချိန်မှာ ကျောင်းသားထုအပေါ်လွှမ်းနိုင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဆိုတာပေါ်လာတယ်။ NLD ပါတီပြီးရင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အင်အားအကြီးဆုံးဘဲ။ ပြီးတော့ ၁၉၉၀ရွေးကောက်ပွဲ လုပ်ပေးတယ်။ သို့သော် အာဏာလွှဲပြောင်းမပေးခဲ့ဘူး။ ဒါတွေဟာ သမိုင်းအဆက်ဆက်ကစစ်အာဏာရှင် တစ်ရပ်ရဲ့ ကတိကဝတ်ပျက်ခဲ့တာတွေပေါ့။ ဒါတွေကို နောက်မျိုးဆက်ကလည်း သိပြီးသားပါ။ သို့သော်လည်းဘဲ နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်တွေရဲ့ အချိုးကို အမှတ်ရနေအောင် ပြောပြတာ” ဟု သူကသတိ ပေးစကားပြောသည်။



ရှစ်လေးလုံး လူထုအရေးတော်ပုံတွင် ပါဝင်ဆန္ဒပြနေသည့် ပြည်သူများ

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည်ဆိုသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အား ပုံဖော်နေခြင်းသည် ရှစ်လေးလုံးသမိုင်း၏ လမ်းဟောင်းကို ပြန်လည်အသုံး ပြုနိုင်ချေရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည်က ထောက်ပြသည်။

“ပေးသော်ပေး၏ မရဆိုတဲ့ စကားအတိုင်းလူထုကို အမြဲတမ်း ဘယ်လို မလှိမ့်တပတ်လုပ်ရင်ရမလဲ စဉ်းစားနေ တာ စစ်အုပ်စုလေ” ဟု သူ၏ ရှုမြင်ပုံကို ဆိုသည်။

ယနေ့ ဦးတော်လှန်ရေးကာလအတွင်း လူထု၏ နိုင်ငံရေးရေချိန်နှင့် အမြစ်ပြတ်တော်လှန်လိုစိတ်သည် အမြင့်ဆုံး အချိန်သို့ ရောက်ရှိနေပြီး၊ စစ်အာဏာရှင်ထံ ရှစ်လေးလုံးလူထုအရေးတော်ပုံမှတဆင့် ကျန်နေသည့် အကြွေးကို အမြစ်ပြတ် တိုက်ယူ ရန်သည် အရေးကြီးဆုံးဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်း သူယုံကြည်ချက်ကို ပြတ်ပြတ်သားသား ဆိုသည်။

“ရှစ်လေးလုံးမှာ ပေးဆပ်ခဲ့တဲ့သူတွေ၊ရဲရင့်ခဲ့ကြသူတွေ စွဲကိုင်ခဲ့ကြတဲ့သူတွေရဲ့ စိတ်ဓာတ်ကို ဆက်ပြီးလက်ဆင့် ကမ်းပြီးတော့ ခရီးဆက်ရမယ်။ တဆက်တည်းဘဲ ကျွန်တော်တို့ဟာ အရေးတော်ပုံအဆက်ဆက်ရဲ့ သင်ခန်းစာယူစရာတွေကို ယူဖို့ပါ။ ရှစ်လေးလုံးမှာ ညီညွှတ်တဲ့ တပ်ပေါင်းစုတစ်ခုကို မစုဖွဲ့နိုင်ခဲ့ဘူး။ ဆရာများ သားသေခဲ့တယ်ဆိုတဲ့ အခြေအနေမျိုးရှိခဲ့တယ်။ အစုအဖွဲ့တွေ အသီးသီး ကွဲပြားခဲ့ကြတယ်။ အဲ့ဒီအခြေအနေရှိ ခဲ့တဲ့အတွက် ဘုံရည်မှန်းချက်၊ ဘုံပန်းတိုင်ကို မချီတက်နိုင်ခဲ့ကြဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာ ညီညွှတ်တဲ့ တပ်ပေါင်းစုစုဖွဲ့နိုင်ဖို့လိုတယ်။ ပြည်သူအားလုံးညီညွှတ်ကြဖို့ လိုတယ်။ အဲ့ဒီဟာသည်အရေးကြီးဆုံးအချက်ပါ။” ဟု သူ့ရဲ့ အမြင်ကိုဆိုသည်။

ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း ပေါ်ပေါက်ခဲ့သော ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ဦးဂျင်မီ အစရှိသည့် ကျောင်းသားခေါင်းဆောင်များသည် ယင်းကာလအတွင်း ပါတီနိုင်ငံရေးလမ်းကြောင်း ပေါ်လျှောက်ခဲ့ သူများရှိသလို၊ UG ဘဝဖြင့် ရပ်တည်ခဲ့သူနှင့် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခဲ့သူများအသီးသီးဖြစ် ပေါ်ခဲ့ သည်။ သို့သော် အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များလဲပြိုကျရန်နှင့် လိုလားနေသည့်ဘုံရည်မှန်းချက် သည် နွေဦးတော်လှန်ရေးကာလတိုက်ပွဲဝင်နေသော ရဲဘော်များနှင့် တစ်ထပ်တည်းကျသည်ဟု နောက်ထပ် ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ တစ်သက်မှာ ကိုယ်တွေက နှစ်ခါကြုံရတဲ့ အဖြစ်ဆိုးတွေပေါ့၊ ငါ့အတွက်ကတော့ ရှစ်လေးလုံးကအဟောင်းဆို ပေမယ့် အမြဲသစ်နေတာပါဘဲ။ သို့သော် မခံစားချင်တော့ဘူး။ မခံစားနိုင်တော့ဘူး၊ရှစ်လေးလုံးတုန်းကလည်း ငါ့တို့ ဟာ GZ တွေပါဘဲ။ အတွေ့အကြုံနဲ့ ပြောပြော ခံစားချက်နဲ့ဘဲ ပြောပြောထပ်တူမဟုတ်ရင်တောင်မှ မကွာပါဘူး။ လိုလားတဲ့ ဆန္ဒတွေ မျွှော်လင့်တဲ့ မျှော်လင့်ချက်တွေကလည်း အတူတူပါဘဲ။တိုင်းပြည် အတွက်ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ရအောင်တော့စိတ်ဆန္ဒ ၊ယုံကြည်ချက်က အခုအချိန်အထိရှိနေတယ်။ ဒီယုံကြည်ချက်၊မျှော်လင့်ချက်တွေနဲ့ အခုအချိန်အထိရှင်သန်နေတယ်” လို့ ကြေကွဲစွာဖြင့်ဆိုသည်။

နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံးအရေးတော်ပုံကတဆင့် လက်ဆင့်ကမ်းပေါက်ဖွားလာသည့်လူထု တော်လှန်ရေးတစ်ခုဖြစ်ပြီး၊ လူထု၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တို့အား အဆုံးအဖြတ်ပေးမည့် တော်လှန်ရေး တစ်ခုလည်းဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း လူထု၏ ကြွေးကြော်သံများဖြစ်သော အာဏာရှင်စနစ်ဟူသမျှ မုချကျရှုံးရ မည်၊ သွေးကြွေးမှာ ဆွေးနွေစရာမရှိ၊ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး၊ ကြောက်ရွံ့ခြင်းမှ ရုန်းထွက်ကြ၊ ကြောက်ခေတ်ကို မှောက်ပစ်၊ အရေးတော်ပုံအောင်ရမည်ဆိုသည့် ဟစ်ကြွေးမှုများသည် နွေဦးတော်လှန်ရေး သန္နိဋ္ဌာန်ဖြစ်ပြီး ၊ ယင်းသည် ရှစ်လေးလုံး၏ မပြီးဆုံးသေးသော တိုက်ပွဲအသံများဖြစ်ဟည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီး ဦးအောင်မျိုးမင်းက ဆိုထားသည်။

“၃၄ နှစ်ပြည့် ရှစ်လေးလုံးလူထုအရေးတော်ပုံနှစ်ပတ်လည်အချိန်မှာ ပြည်သူလူထုဟာ သမိုင်းတကျော့ ပြန်အနေနဲ့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေကြရပြန်ပါတယ်။အခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်နေရာမှာအဆုံး သတ်တိုက်ပွဲအဖြစ်မှတ်ယူပြီး၊ ၈၈ ကမပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက်သယ်ဆောင်နေကြခြင်းဖြစ်တယ်” လို့ ဆိုသည်။



ရှစ်လေးလုံး လူထုအရေးတော်ပုံတွင် ပါဝင်ဆန္ဒပြနေသည့် ပြည်သူများ

ထို့ကြောင့် နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏တော်လှန်စိတ်၊ တိုက်ပွဲဝင်စိတ်ကို နှလုံးသွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြရန် တိုက်တွန်းအသိပေးထား သည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံနှင့် နွေဦးတော်လှန်ရေး နှစ်ခုအား နှိုင်းယှဥ္င်ကြည့်လျှင် အားသာချက် အားနည်းချက်များရှိ ဒွန်တွဲလျှက်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ဆိုသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကာလ အားသာချက်နှင့် အားနည်းချက်ကို ကြည့်မည်ဆိုပါက အားသာချက်သည် တစ်ပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ယနေ့အချိန်အထိ ပြည်သူလူထု၏ လိုလားတောင့်တမှု များကို မဖြည့်စွမ်းနိုင်ခဲ့သည်မှာ အားနည်ချက်ဖြစ်ကြောင်း နှိုင်းယှဉ်ထောက်ပြသည်။

အလားတူ နွေဦးတော်လှန်ရေး၏ အားသာချက်နှင့်အားနည်းချက်ကို ကြည်မည့်ဆိုပါကလည်းမြန်မာနိုင်ငံ သမိုင်းတွင် လူထု၏ စည်းလုံးညီညွှတ်မှု ၊ ရဲစွမ်းသတ္တိတို့အပြင် အံမခန်းစိတ်ပိုင်းဖြတ်မှု များသည် ဓမ္မဘက်ကိုသာ အားသာခြင်းနှင့် နွေဦးတော်လှန်ရေး ရဲဘော်များ၏ စည်းလုံးမှု၊ စွမ်းဆောင်ရည် နှင့် နည်းပညာပိုင်းများမှာ အားသာချက်တစ်ခုဖြစ်ကြောင်း ထောက်ပြသည်။

အားနည်းချက်ကိုကြည်မည်ဆိုလျှင် ချိန်ကိုက် လှုပ်ရှားနိုင်မှုနှင့် မဟာဗျူဟာမြောက်လုပ်ငန်းစဉ် လက်တွေ့ချ မှတ်ဆောင်ရွက်မှု အခြေအနေ မရှိသေးကြောင်း တဆက်တည်းပြောကြားသည်။

နွေဦးတော်လှန်ရေးအောင်မြင်ရန်နှင့်ပတ်သက်၍ အဓိကအခရာကျမှုကို ဦးထွန်းကြည် က “ NUG အနေနဲ့ လူမျိုး စု တော်လှန်ရေး အင်အားစုတွေအပြင် ဖက်ဒရယ်ဒီမိုကရေစီ ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးအင်အားစု တွေအားလုံး ပိုမိုသွေးစည်းညီညွှတ်မှု နဲ့ ဗျူဟာမြောက် သွေးစည်းဆောင်ရွက်မှုကို အရှိန်ဟုန်မြှင့်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ကအဓိကကျနေပါတယ်” လို့ သူ့ရဲ့ ရှု့မြင်ပုံကို သုံးသပ်ပြသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးရှိ နွေဦးတော်လှန်ရေးအပေါ်ယုံကြည်ချက်ဖြင့် ပါ၀င်နေသူများအနေဖြင့် ၈၈ ခုနှစ်ကမွေးဖွား ပေးလိုက်သည့် တော်လှန်စိတ်များနှင့်အတူ နွေဦးတော်လှန်ရေး မုချအောင်ရမည်ဆိုသည့် စိတ်ဓာတ်များဖြင့် ကျော်လွှားဖြတ်သန်းကြရန်လည်း ၎င်းက တိုက်တွန်းသည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဉီး ခေါင်းဆောင်တစ်ဦး ဖြစ်သူ မိဆူးပွင့်က ရွေးကောက်ပွဲ အငြင်းပွားမှုက စခဲ့တဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင် ဘယ်လိုမှ နည်းလမ်းရှာမရနိုင်ခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဉီးဆောင်နိုင်ငံရေးအစုဖွဲ့တွေနဲ့ ပက်သက်လျှင် စဉ်းစားစရာများရှိနေပြီး လူထုအားနှင့် လက်နက်အားတို့ ပါဝါပြိုင်ကြသည့်ပွဲဟုလည်း ယူဆ၍ရနိုင်ကြောင်းသုံးသပ်သည်။

သူမကပင် နွေဦးတော်လှန်ရေးနှင့် ပက်သက်၍ သဘောထားအမြင်ကို ယခုလိုထောက်ပြသည်။

“မျှော်လင့်ထားတာထက် လူငယ်တွေ တာဝန်ကျေပွန်ကြတယ်၊ ရဲဝံ့စွန့်စားကြတယ် ၊ အသက်ဘဝပုံ အပ်ခဲ့ကြ တယ်၊ဒါက ၂၀၂၁ ဖေဖော်ဝါရီလ ကစပြီး ဒီနေ့ထိ သက်သေပြပြီးသွားပါပြီ ပြည်သူလူထုတရပ် လုံးကလည်း တတ်နိုင်သမျှသော နည်းလမ်းပေါင်းစုံနဲ့ တစ်ခဲနက်ပါဝင်ခဲ့ကြပါပြီ လူငယ်တွေခေတ်အဆက်ဆက် တာဝန်ကြေ တယ် ပြည်သူလူထုကြီးတစ်ရပ်လုံးက အရင်ခေတ်အဆက်ဆက်နဲ့မတူ ဇွဲလုံ့လသတ္တိတွေနဲ့ တစ်လျှောက်လုံး ပါဝင်ခဲ့ကြတာ သက်သေပြစရာထပ်မလိုအောင် သေချာပြီးခဲ့ပါပြီး” ဟု ဆိုသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကာလတွင် ပါဝင်ခဲ့ကြသော ဒီမိုကရေစီကို ပြည်သူလူထုအုပ်ချုပ်ရေးဟု ယုံကြည်ခဲ့ကြပြီး တစ်သွေးတစ်သံတစ်မိန့်နှင့် အုပ်ချုပ်သူများ ၊ တစ်ပါတီအာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်ဖြင့် ဖယ်ရှားပစ်ရမည်ဟု ခပ်ရှင်းရှင်း ခပ်တိုတို ယုံကြည်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် လူလတ်ပိုင်းနှင့် လူငယ်များသည် အရပ်ဖက်အဖွဲ့အစည်းများ တစ်သီးပုဂ္ဂလ နိုင်ငံရေးလှုပ်ရှားသူများအဖြင့် G-Z ဟုခေါ်သည့် လူငယ်မျိုးဆက်တစ်ခုကို ဦးဆောင်ဦးရွက်ပြုကာ နွေဦးတော် လှန်ရေး၏ နောက်ကွယ်က ဦးဆောင်ခဲ့ကြခြင်းဖြစ်သည့်အတွက် ရှစ်လေးလုံးနှင့် နွေဦးတော်လှန်ရေးသည် များစွာချိတ်ဆက်မှုရှိနေသည်။

ယင်းနှင့်ပက်သက်၍လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ဗဟိုဦးဆောင် ကော်မတီဝင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိဆူးပွင့်က “ရှစ်လေးလုံးနဲ့ နွေဦးတော်လှန်ရေး မတူညီတာ တွေက တော့ ခေတ်မီနည်းပညာတွေ၊ လူထုထောက်ခံမှု အခုနှစ်နှစ်နီးပါးအထိရှိနေတာတွေ၊ လက်နက်မြန်မြန် ဆန်ဆန် တပ်ဆင်နိုင်လာတာတွေ၊နိုင်ငံတကာချိတ်ဆက်မှုတွေ ဖြစ်ပါတယ်။ဒီလိုအားကောင်းချက်တွေရှိပေမယ့် ဒါဟာတစ်ဖက်မှာ အားနည်းချက်နဲ့လည်း ဒွန်တွဲနေတယ်လို့ ပြောချင်တယ် ဥပမာ ဆိုရှယ်မီဒီယာအား ကောင်းတာကြောင့် လူတွေကိုစိတ်ဓာတ်တက်ကြွအောင်လဆော်နိုင်သလို တစ်ပြိုင်နက်ထဲမှာ အားနည်းချက် တွေလည်း ဖုံးမရ ဖိမရ ပေါ်လာတတ်တာမျိုးတွေ ခေါင်းဆောင်တွေ တစ်ခွန်းပြောမှားရင် မှားသလိုချက်ချင်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားတာမျိုးတွေပေါ့ ၊ လက်နက်တပ်ဆင်ရာမှာလည်း တစ်ဖက်ကကွပ်ကဲထိန်းချုပ်မှု မတည်ဆောက်နိုင်ခင် လက်နက်ကိုင်လှုပ်ရှားမှုတွေ စခဲ့မိလို့ အစောပိုင်းကာလတွေမှာ အချင်းချင်းပြန်ဖြစ်တဲ့ပြသာနာတွေ ရှိခဲ့သလိုမျိုး နိုင်ငံတကာနဲ့ချိတ်ဆက်မှုဆိုရင်လည်း ကျွန်မတို့တုန်းက နှစ်တွေကြာမှ ကိုယ့်ကိုကိုယ်အားကိုးရမယ် နိုင်ငံတကာ ကပါဝင်လုပ်ဆောင်ပေးဖို့ အကန့်အသတ်တွေ အများကြီးရှိတယ်ဆိုတာ သိလာကြပေမယ့် အခုတော့တစ်နှစ် နှစ် နှစ်အတွင်း နိုင်ငံတကာဖိအားဆိုတာ အကန့်အသတ်ရှိတယ် နိုင်ငံတကာက မြန်မာပြည်အရေးကို ပြည်တွင်းရေး လို့ပဲ သဘောထားတယ် စသဖြင့်တွက်ဆလို့ ရလာတာမျိုးတွေပေါ့ အားသာချက်တွေရှိပေမယ့် အဲ့ဒီအားသာချက် တွေကပဲ အားနည်းချက်ပြန်ဖြစ်စေတာ သတိပြုရပါမယ်” ဟု သူမ၏အတွေ့အကြုံနဲ့ပက်သက်၍ ချိန်ထိုးပြော သည်။

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် နွေဦးတော်လှန် ရေး၏ အဓိကအနှစ်သာရတစ်ခုဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က သူ၏အမြင်ကို ဆိုသည်။

ထို့အပြင် နွေဦးတော်လှန်ရေး၏ လှုပ်ရှားမှုတစ်ခုလုံးသည် လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ယင်းသည် ပြည်သူလူထုအပါအဝင် နိုင်ငံရေးအင်အားစုများနှင့်လူငယ်များက သွေးဆာနေခြင်းကြောင့်မဟုတ်ဘဲ စစ်အာဏာရှင်က လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းပေါ်သို့မရောက် ရောက်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုပြောသည်။

“နွေဦးတော်လှန်ရေးဟာ အင်အားစုအသီးသီးက ၂၀၀၈ ခြေဥဖျက်သိမ်းရေး ၊စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ အခြေခံပေါ်မှာတော့စုမိကြပြီး၊ဆုံမိကြပြီးဟု ယူဆတယ် လက်တွေ့နိုင်ငံရေး၊စစ်ရေး ၊ သံတမန်ရေးလှုပ်ရှားမှုတွေမှာ ဆက်စပ်မိဖို့ ဟန်ချက်ညီဖို့ ကြိုးစားကြရလိမ့်မယ်လို့ ယူဆတယ် အခက်ခဲတွေ စိန်ခေါ်မှုတွေကိုတော့ ဖြတ်သန်းကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊

၂၀၂၁ ခုနှစ်က အစပြုခဲ့သည့် နွေဦးတော်လှန်ရေးသည် နိုင်ငံရေးစနစ် အပြောင်းအလဲထက်ပို၍ လူ့အဖွဲ့အစည်း ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ရန်နှင့် လွတ်လပ်ခွင့် တန်းတူညီမျှခွင့်တို့ကို အခိုင်အမာတောင်းဆိုသော လူထု လှုပ်ရှားမှုကြီးတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးအောင်မြင်နိုင်ရန်အတွက် အတိတ်ကဖြစ်ခဲ့သည့် နိုင်ငံရေးပြသာနာအာလုံးကို အမှန်တစ်ကယ်နားလည်ရန်၊ လက်ခံရန်နှင့် ဖြေရှင်းရမည့်နိုင်ငံရေးပြသာနာ တစ်ခုဟု ယုံကြည်နေရန်အဓိက ကျကြောင်း မိဆူးပွင့်ကဖြည့်စွက်သုံးသပ်သည်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးဟာ ဒီနေ့အဓိကလုပ်ရမယ့်အလုပ် ကျန်တာတွေက မနက်ဖြန်အလုပ်လို့ ခေတ်အဆက်ဆက်နိုင်ငံရေးဦးဆောင်သူတွေက လက်ဆင့်ကမ်းယုံကြည်ခဲ့လို့ တော်လှန်ရေးဟာ အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့တာပါ အထူးသဖြင့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကို ဒီမိုကရေစီအရေးလောက် အရေးမပါဘူးလို့ ယူဆနေရင် ဒါမှမဟုတ် ဒီနေ့လုပ်ရ မယ့်အလုပ်မဟုတ် မနက်ဖြန်မှလုပ်ရမယ့်အလုပ်လို့ ယူဆနေခြင်းဟာ တော်လှန်ရေးကြန့်ကြာစေပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ အရေးကြီးတဲ့ နောက်ခံအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်” ဟု တဆက် တည်းထောက်ပြသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်ဆင့်ကမ်းမျိူးဆက်ဝတ်မှုန်ကူးပေးခဲ့သော ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး၏ စိတ်ဓာတ်ကိုကိုင်စွဲကာ မျိုးဆက်သစ်လူငယ်များ ၊ရှစ်လေးလုံးအရေးတော်ပုံကာလကို ကျော်ဖြတ်ခဲ့ကြသူများအနေဖြင့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်ဆွဲ၍နွေဦးတော်လှန်ရေး အောင်လံတော်ကို အမြင့်မားဆုံးလွင့်ထူနိုင်ရန် အားထုတ်ကြိုးပမ်းကြစေရန်လိုကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။

ဝေဟင်စိုး

သတင်းနှင့် မီဒီယာ ကွန်ရက်အတွက် ရေးသားသည်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...