ဒေါဆိုဖျကျေးရွာမှ ဒေါ်ကူးမိုက “ဟိုးပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကိုက်တာပေါ့နော။ ဒါပေမဲ့ အရင်နှစ်ကတော့ သိပ်မကိုက်ဘူး။ နှမ်းတွေတက်ရောင်းတာက စျေးက ၂၉၀၀ တချို့ ၂၈၅၀ တချို့ ပေါ့။
နှမ်းတွေအပေါ်မှာလည်းမူတည်သေးတယ် စျေးက။ လှရင်တော့ တမျိုး၊ မလှရင်တမျိုးပေါ့နော။”ဟု ပြောသည်။
ဒေသခံများအနေဖြင့် နှမ်းများကို လွိုင်ကော်ရှိ ပွဲစား၊ အဝယ်ဒိုင်များထံ သွားရောက် ရောင်းချကြရသော်လည်း နှမ်းကို စျေးကောင်းမရကြကြောင်း ဆိုသည်။
အချို့သော တောင်သူများအနေဖြင့် နှမ်းမပေါ်မီအချိန်ကတည်းကပင် ငွေလိုအပ်ချက်ကြောင့် ကြိုတင် ငွေတွေ ရယူပြီး စျေးပေါပေါဖြင့် ရောင်းချရခြင်းလည်း ရှိကြောင်း သိရသည်။
ဒေါဆိုဖျကျေးရွာမှ ဦးတာရယ်က “ပွဲစားတွေက စျေးကစားတယ်လေနော အဲ့ဒီလွိုင်ကော်မှာ အမှန်ဆိုရင် ဒီထိလာဝယ်ခိုင်းရင် ကောင်းတယ်လေနော ဒီမှာနှမ်းထွက်တယ်ကွာ လွိုင်ကော်မှာသွားရောင်း အဝယ်သမားကလည်း စျေးနိမ်တယ် အဲ့လိုမျိုးလေ။ စျေးနိမ်ပြန်လည်း ပိုက်ဆံမရှိတဲ့လူက စားသုံးဖို့လိုတယ်လေနော သွားပေါင်တယ် သွားရောင်းတယ် အဲ့လိုမျိုးပေါ့” ဟု ပြောသည်။
ဒေါတမကြီးကျေးရွာအုပ်စုတွင် ဝင်ငွေရရှိရန် အဓိက စိုက်ပျိုးသီးနှံအဖြစ် နှမ်း၊ မြေပဲတို့ကို စိုက်ပျိုးကြသည်။
တောင်သူများအတွက် ပွဲစားများ စျေးကစားခြင်းမပြုလုပ်နိုင်ရန် အစိုးရမှ တရားဝင် စျေးကွက် ထားပေးစေချင်ကြောင်း ဒေါညေးခူကျေးရွာမှ တောင်သူတစ်ဦးက ပြောသွားသည်။







