စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဖြစ်ပွားလာတဲ့ ဒေသတွင်း မတည်ငြိမ်မှု၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးမှုစတဲ့ အကျပ်အတည်းတွေကြောင့် ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးစားသူတွေ အများအပြား ရှိနေပါတယ်။
ပြည်ပမှာအလုပ်ထွက်လုပ်ဖို့ ကြိုးစားနေသူတွေထဲမှာ အသက် ၁၈ နှစ်အရွယ် မိုင်နိုင်နိုင်လည်း ပါဝင်ပါတယ်။ သူက စင်ကာပူမှာ အိမ်အကူသွားလုပ်ဖို့ အလုပ်အကိုင်ပွဲစားတွေ ပို့ဆောင်ပေးတဲ့ အကြွေးစနစ်နဲ့ သွားရောက်လုပ်ကိုင်ဖို့ စီစဉ်ထားပြီးပြီလို့ ဆိုပါတယ်။
မိုင်နိုင်နိုင်က “ဟိုဘက်မှာက အလုပ်လုပ်နိုင်ရင် တစ်လကို ၇ သိန်းလောက်တော့ ရနိုင်မယ်ထင်တယ်။ ဟိုဘက်ကိုရောက်လို့ အလုပ်ဝင်ရင် ကျမရဲ့လစာ ၂ လစာကိုတော့ သွားစရိတ်နဲ့ ပွဲစားခ ဖြတ်မှာပေါ့။ အဲဒီနောက်ပိုင်း ကျမရဲ့လစာတွေကို အိမ်လေးဝယ်နိုင်ဖို့ အဓိကစုမယ်လို့ စိတ်ကူးထားတာပေါ့” လို့ ပြောပါတယ်။
မိုင်နိုင်နိုင်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့က ကျေးရွာလေးတစ်ရွာမှာ နေထိုင်သူဖြစ်ပြီး မွေးခြင်းမောင်နှမ ၅ ယောက်ထဲမှာ သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။
သူအလွန်အားထားခဲ့ရတဲ့ ဖခင်က လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်က ဆုံးပါးသွားခဲ့တဲ့နောက် သူဟာ ၉ တန်း ကျောင်းသူဘဝကနေ ကျောင်းနားလိုက်ရတယ်လို့ မိုင်နိုင်နိုင်က ဆိုပါတယ်။
“ကျမငယ်ငယ်က သူနာပြုကြီးတစ်ယောက် အရမ်းဖြစ်ချင်ခဲ့တယ်။ သူများကို ပြုစုရတာကို အရမ်းကြိုက်သလို အဲဒီအလုပ်ကို ရဲရင့်တဲ့အလုပ်လို့ မြင်ခဲ့တယ်၊ အရမ်း ဖြစ်ချင်ခဲ့တာပေါ့။ အဲဒီနောက် ကျမရဲ့စိတ်ကူးတွေက အဖေဆုံးပြီးကတည်းက မဖြစ်နိုင်တော့ပါဘူး” လို့ သူက ပြောပါတယ်။
ဖခင်ဆုံးပြီး တစ်နှစ်အကျော်မှာပဲ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်လို့ မောင် ၂ ယောက်နဲ့ ညီမ ၂ ယောက်နဲ့ အတူ ဦးလေးအိမ်မှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သူက ပြောပါတယ်။
ဦးလေးဖြစ်သူက တောင်ယာအလုပ် လုပ်ကိုင်ပြီး နွားနောက်လည်း မွေးမြူတယ်လို့ မိုင်နိုင်နိုင်က အခုလို ပြောပါတယ်။
“ဦးလေးမှာလည်း သားသမီးတွေက အရမ်းများတော့ ပုံမှန်လို ကျောင်းတွေပြန်ဖွင့်ပြီး တက်လို့ရခဲ့ရင်တောင် ကျမရဲ့ မောင်နှမတွေကို ကျောင်းထားပေးနိုင်မှာ မဟုတ်ဘူး။ သူတို့မှာလည်း ကျောင်းထားရမယ့် သားသမီး အရမ်းများတာတယ်” လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးတာ၊ အသွားအလာ ကန့်သတ်မှုတွေကြောင့် ခရီးသွားအခြေပြု စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာလို့ ဒေသခံတွေအဖို့ စီးပွားရေး ကျပ်တည်းမှုကို ရင်ဆိုင်လာကြရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခံရတာ၊ အကြမ်းဖက် တိုက်ခိုက်တာတွေ၊ ကျေးရွာတွေ မြို့တွေကို မီးရှို့ခံရတာအပြင် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေရဲ့ စစ်ပွဲပဠိပက္ခတွေကလည်း ချင်းပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
မိုင်နိုင်နိုင်ဟာ အဏာမသိမ်းခင် ကာလက အထက်တန်းပညာသင်နေတဲ့ အထက်တန်းကျောင်းသူလည်း ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဒေသတွင်းမတည်ငြိမ်မှု၊ စီးပွားရေး ကြပ်တည်းမှု စတဲ့ အခက်ခဲအမျိုးမျိုးကြောင့် ပညာကိုဆက်လက် မသင်ယူနိုင်တော့ဘူးလို့ သူက ပြောပါတယ်။
“ကျမက မောင်နှမထဲမှာ အကြီးဆုံးဖြစ်တယ်။ ကျမမှာ ညီမ ၂ ယောက်နဲ့ မောင် ၂ ယောက် ရှိတယ်။ အခုသူတို့က ဦးလေးအိမ်မှာ နေနေရတာဆိုတော့ အဆင်မပြေတာတွေ သူတို့လေးတွေမှာ ရှိမှာပေါ့။ သူတို့အတွက် စိတ်မကောင်းလည်း အရမ်းဖြစ်မိတယ်” လို့ မိုင်နိုင်နိုင်က ဆိုပါတယ်။
ဒီအခြေအနေကြောင့် မိုင်နိုင်နိုင်ဟာ အသက် ၁၈ နှစ်ပြည့်ပြီး အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်သူအဖြစ် သတ်မှတ်ချက်လည်း ကိုက်ညီတာကြောင့် သူမစိတ်ကူးဖြစ်တဲ့ မောင်နှမတွေအတူနေထိုင်နိုင်ဖို့ အိမ်လေးတစ်လုံ ပိုင်ဆိုင်ရေးအိမ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ နိုင်ငံခြားထွက်ပြီး အိမ်အကူလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုယ့်နိုင်ငံပြင်ပကို သွားရောက်အလုပ်လုပ်ကိုင်ရမယ့် ခရီးလည်း ဖြစ်တာကြောင့် မိုင်နိုင်နိုင်အတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေ ရှိနေသလို စိတ်ဓာတ်ကျ၊ စိတ်အားငယ်မှုတွေကိုပါ ခံစားနေရပေမယ့် အားတင်းကျော်ဖြတ် နေရတယ်လို့လည်း မိုင်နိုင်နိုင်က ပြောပါတယ်။
“အရင်က ဘယ်တုန်းကမှ နိုင်ငံခြားထွက် အလုပ်လုပ်မယ် စိတ်မကူးဖူးဘူးပေါ့။ အခုနိုင်ငံခြားထွက် အလုပ်လုပ်ရတော့မှာ ဆိုတော့လည်း တခါလေ စိတ်လည်းအရမ်းပင်ပန်းတယ်။ ကိုယ့်မရောက်ဘူးတဲ့ ဒေသမှာ သွားအလုပ်လုပ်ရမှာဆိုတော့ တခါလေ စိတ်ပူမိတာပေါ့။ အဲလိုအရမ်းစိတ်ပင်ပန်း စိတ်ဓာက်ကျရင် စိတ်လျော့လိုက်ပြီး နေချင်တယ်။ ဒါပေမယ့် မောင်နှမတွေကို ပြန်စဉ်းပြီး အားတင်းထားရတာပေါ့”လို့ မိုင်နိုင်နိုင်က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မိသားစုမောင်နှမတွေနဲ့ဝေးတဲ့ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေကိုလည်း သူက အခုလို ပြောပြပါတယ်။
“အခု ဗီဇာစောင့်နေတာပေါ့။ ကျန်တာတော့ အာလုံးနီးပါးလုပ်ပြီးပြီ။ အင်္ဂလိပ်စာကိုလည်း အချိန်ရရင် ရသလို လုပ်နေတယ်။ ဟိုမှာက အိမ်ဖော်အလုပ်သွားလုပ်ရမှာဆိုတော့ အိမ်ရှင်ကောင်းတာနဲ့လည်း ကြုံချင်တယ်။ ဘုရားမှာလည်း အမြဲဆုတောင်းတယ်”လို့ မိုင်နိုင်နိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲရှိလာချိန်မှာ အလုပ်လက်မဲ့ဦးရေဟာ သန်းနဲ့ချီ ရှိလာနေလို့ မြန်မာ့အရေးစောင့်ကြည့် လေ့လာနေသူတွေက ပြောပါတယ်။
ဒီလိုမျိုး နိုင်ငံရေး၊ စီးပွားရေးစတဲ့ အထွေထွေအကျပ်အတည်းတွေကြားထဲမှာ လုံခြုံစိတ်ချမှု မရှိတဲ့ အခြေအနေ၊ ဝင်ငွေနည်းပါလျော့ကျလာတာတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်လိုသူတွေ များပြားနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၁ ခုနှစ် မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာမှာလည်း စစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်တွင်း အလုပ်အကိုင် ၁ သန်း နီးပါး ဆုံးရှုံးခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်းက ၂၀၁၉ ခုနှစ်ထက် ၂ ဆ ဖြစ်လာနေတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ world Health Organization (WHO) က မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ပဠိပက္ခတွေကြား အလုပ်အကိုင်ရှားပါးလာမှု ပြဿနာတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုအောက် ရောက်လာတယ်လို့လည်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှုတွေကြောင့် စီးပွားရေး ချွက်ခြုံ ကျဆင်းမှုနဲ့အတူ စစ်ကောင်စီအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ကျေးရွာတွေကို မီးရှို့ဖျက်စီး တာတွေကြောင့် ချင်းပြည်နယ်ထဲက ဒေသခံတွေဟာ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ သွားရောက်ခိုလှုံနေကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း ချင်းပြည်နယ်ထဲကနေ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးတိမ်းရှောင် သွားသူတွေရဲ့ ၇၆ ရာခိုင်နှူန်းဟာ မီဇိုရမ်ပြည်နယ်မှာ သွားရောက်ခိုလှုံလျက်ရှိပြီး အဲဒီထဲကနေ အခြား ပြည်ပနိုင်ငံတွေမှာလည်း သွားရောက်ခိုလှုံ နေထိုင်တာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ ထုတ်ပြန်ချက်မှာလည်း ၂၀၂၂၊ ဇူလိုင်လ ၉ ရက်က ဖလမ်း-ဟားခါး လမ်းမပေါ်မှာတည်ရှိတဲ့ တားလ်ကျေးရွာနှင့် တလန်ဇာရ်ကျေးရွာကနေအိမ် ၃၅ လုံး ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုနိုင်ငံအတွင်း စီးပွားရေးချွက်ခြုံ ကျဆင်းလာမှုနဲ့ အတူ ဒေသတွင်း မငြိမ်မသက်မှုတွေ၊ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေကြောင့် ပြည်တွင်းရှိ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်ခဲ ဖြေရှင်းဖို့အတွက် ပြည်ပမှာ အလုပ်အကိုင် လုပ်ကိုင်နိုင်ဖို့ နေ့စဉ်ထောင်ချီ ထွက်ခွာနေကြပါတယ်။
နိုင်ငံခြားထွက် အလုပ်လုပ်ကြသူ အများစုကတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေမှာ အိမ်အကူ၊ စားသောက်ဆိုင်အကူ၊ ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စတဲ့ အောက်ခြေလုပ်ငန်းများကို လုပ်ကိုင်နိုင်ဖို့ အလုပ်အကိုင်ပွဲစားတွေရဲ့ အကူအညီနဲ့ အများစုက သွားရောက်နေတာ ဖြစ်ပါတယ်။
မိုင်နိုင်နိုင်ကတော့ ပြည်ပထွက်ပြီး အိမ်အကူအလုပ် လုပ်ကိုင်ရင်း ရရှိလာတဲ့ လစာထဲက အလုပ်ပွဲစားကို အကြွေးဆပ်မှာ ဖြစ်သလို မောင်နှမတွေ လိုအပ်တာတွေ သုံးစွဲဖို့အတွက်လည်း အနည်းအပါး ထောက်ပံပို့ပေးမှာ ဖြစ်ပေမယ့် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ မောင်နှမတွေ အတူတူပြန်နေထိုင်ကြဖို့ အိမ်လေးတစ်လုံး ဝယ်ယူဖို့ လစာငွေကို စုဆောင်းသွားမယ်လို့ အခုလို ပြောပါတယ်။
“အခုကျမစိတ်ကူးက မောင်နှမတွေနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ပါပဲ။ မောင်နှမတွေကို တစ်အိမ်တည်းမှာ အတူနေပြီး သူတို့လည်း သူတို့တက်စရာရှိတဲ့ ကျောင်းတွေတက်၊ လုပ်စရာရှိတဲ့ အလုပ်တွေလုပ်ပေါ့။ အဲဒီလို နေနိုင်ဖို့ ကျမနိုင်ငံခြားသွား အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ဖြစ်တယ်”လို့ မိုင်နိုင်နိုင်က သူရဲ့ရည်မှန်းချက်ကို စိတ်အားထက်သန်စွာနဲ့ ပြောဆိုပါတယ်။







