ဇွန်လ ၂၀ ရက်နေ့၊ မွန်းလွဲ ၃ နာရီကျော်ခန့် လဝါးကျေးရွာအတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ထိတွေ့တိုက်ပွဲအပြီး Slg. N’lam Naw Ja (ဦး အင်လမ်းနော်ဂျာ) သည် နေအိမ်မှအရက်မှုးပြီး ရွာစျေးတန်းရှိရာဘက်ကို ထွက်လာစဉ် တပ်မတော်စစ်သားများက သေနတ်ဒင်ဖြင့် ထု၊ လက်နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးသွားသည်ဟု ဆိုထားသည်။
ဦးနော်ဂျာကို အစိုးရတပ်မှဖမ်းဆီးခေါ်ဆောင်သွားသည်မှာ လဝါးကျေးရွာသားများ မျက်မြင် သက်သေဖြစ်ခဲ့သည်။
ဖမ်းဆီးသွားခြင်း ၁ လ ကျော် ကြာသွားချိန်အထိ ဖခင်၏သတင်းကို တပ်မတော်ဘက်က ကွယ်ဝှက်ထားဆဲဖြစ်ကြောင်း သမီးဖြစ်သူ N’lam Kaw Mai (မအင်လမ်းကော့မိုင်) က ကချင်သတင်းဌာန KNGကို ပြောပြသည်။
“အခုထိ ဘာသတင်းမှ မရတော့။ တစ်ခုခု လုပ်လိုက်ပြီလား။ ဒါမှမဟုတ် ဒီအတိုင်းသူတို့ (စစ်တပ်) က ဖမ်းချုပ်ထားပြီး ဒုက္ခရောက်နေလား။ သတ်လိုက်လို့ မိသားစုတွေကို ဘာမှမပြောဘဲ ကွယ်ဝှက်နေတာလား ဆိုတာ ကျမတို့က သိချင်နေပါတယ်။”
ဦးနော်ဂျာကို ဖမ်းဆီးသွားသည့် တပ်မတော်စစ်ကြောင်းတွင် တပ်ရင်းခလရ ၈၆၊ ခလရ ၂၉၇၊ ခလရ ၂၉၈ တို့ပါဝင်ပြီး ခလရ ၂၉၇ မှ ဒုတပ်ရင်းမှူးစောဘိုဘိုလွင်က စစ်ကြောင်းမှူးဖြစ်ကြောင်း သိရှိသည်။ သို့သော်လည်း ဖခင်၏ အကြောင်းကို အဆိုပါတပ်ရင်းများတွင် မိသားစုဝင်များစုံစမ်းသော်လည်း တိကျသော အကြောင်းပြန်ခြင်းမရှိဟု တောင်းဆိုစာတွင် ဖော်ပြထားသည်။
သမားရိုးကျစိုက်ပျိုးရေးလုပ်ကိုင်ဖြင့်သာ အသက်ဝမ်းကြောင်းနေသည့် ဦးနော်ဂျာသည် သားသမီး ၅ ယောက်၏ ဖခင်ဖြစ်သည်။ သားသမီးများအနက် အငယ်ဆုံးသည် ယခုနှစ် ၁၀ တန်းကို သင်ယူနေကြောင်း သိရသည်။
ထို့ကြောင့် ဦးနော်ဂျာ အား တပ်မတော်စစ်ကြောင်းများ ဖမ်းဆီးသွားခြင်းကိစ္စကို အမြန်ဆုံးစုံစမ်းစစ်ဆေး အရေးယူပေးရန် မိသားစုဝင်များက ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းမှုးတို့ထံ တောင်းဆိုစာတင်ထားပြီး မိတ္တူကို နိုင်ငံတော်အတိုင်ပင်ခံရုံး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်တို့ထံ ပေးပို့ထားသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်တွင်း မြန်မာစစ်တပ်မှ ဒေသခံ ရွာသားများကို တရားဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်မှု မကြာခဏ ဖြစ်နေသည်။
မေလ ၂၅ ရက် နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး နေ့စားအလုပ်မှ ပြန်လာသည့် ဒေသခံ ကချင်လူမျိုး ၃ ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မေလ ၂၈ ရက်နေ့ ထို ၃ ယောက်ကို တပ်မတေ်ာကသတ်ဖြတ်ပြီး မြေမြုပ်ထားသည်ကို တွေ့ခဲ့ရသည်။
ထို့အပြင် ဇူလိုင် ၉ ရက်မနက် လီဒိုလမ်းမပေါ် Ting Kawk (တိန့်ကောက်) ကျေးရွာ တောင်ဘက်အစိုးရတပ် နှင့် KIA တိုက်ပွဲအပြီး၊ တပ်မတော်က ဒေသခံ ရဝမ်တိုင်းရင်းသားများကို ဖမ်းဆီးရိုက်နက်မှု ပြုလုပ်ခဲ့သည်။







