အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များနှင့် ဂီတဆိုင်ရာအချက်အလက်များကို သင်ကြားပေးခဲ့ကာ ယင်းမှတဆင့် လူငယ်များမိမိတို့၏ ဆန္ဒသဘောထားများကို လူမှုအသိုင်းအဝန်းတွင် ဖေါ်ထုတ်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သင်တန်း၏တာဝန်ခံ ခူးလေးရယ်က ပြောသည်။
“ဒီသင်တန်းကြောင့် အကျိုးရလဒ်က ဘယ်လိုရလာမလဲဆိုတော့ ပထမဆုံးအနေနဲ့ ဒီသင်တန်းကနေပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အချက်တွေကို သူတို့သိလာမယ်။ ပြီးရင် သူတို့က ဘာတွေခံစားနေရလဲ ဘာတွေက ရရှိနေပြီလဲဆိုတာ သိလာမယ်။”ဟု ခူးလေးရယ်က ပြောသည်။
ကျေးလက်နေဒေသလူငယ်များအတွက် ဖွံ့ဖြိုးရေးဆိုင်ရာအသိပညာများ လိုအပ်လျှက်ရှိပြီး လူ့အခွင့်အရေးနှင့်ဆိုင်သော အသိပညာများသည် အရေးတကြီးလိုအပ်နေပြီဟု သီရိဒါးကျေးရွာနေ သင်တန်းသူနော်ရုသက ပြောသည်။
“ပညာရေးသင်တန်း များများပေးဖို့ လိုအပ်တယ်။ လူငယ်နဲ့ ဆိုင်တဲ့သင်တန်း။ လူတိုင်းမှာ ကိုယ်ပို်င် ပစ္စည်းပိုင်ဆိုင်ခွင့်ရှိရမယ် တန်းတူညီမျှမှု ရှိရမယ်။”ဟု နော်ရုသက ပြောသည်။
လူငယ်နှင့် လူ့အခွင့်အရေး၊ ဂီတဆိုင်ရာသင်တန်းကို ရှားတောမြို့၊ ကယားပိုင်ရပ်ကွက်၊ နှစ်ခြင်းခန်းမဆောင်တွင် ဇူလိုင်လ ၂၀ မှ ၂၂ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲဲ့ပြီး ရှားတောမြို့နယ်ရှိ ကျေးရွာမှ လူငယ် ၂၇ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းသားတစ်ဦးဖြစ်သူ ခွန်မျိုးအောင်က “လူငယ်တွေ စည်းလုံးဖို့လိုမယ် လှုပ်ရှားဖို့လိုမယ်။ ရိုးရိုးသားသားလုပ်ဖို့လိုမယ် ပညာသင်ဖို့လည်း လိုမယ်။ ပညာရှာ ဗဟုတုသတွေ ရှိဖို့ အဲ့လိုမျိုး လုပ်ဖို့ လိုမယ်။ ကျတော်တို့အတွက် မျှော်မှန်းထားတာက အောင်မြင်ဖို့ရယ် ပြီးတော့ လွတ်လပ်မှု လူငယ်ရဲ့အသံ လူငယ်ရဲ့လွတ်လပ်မှု အတိတ်သမိုင်း လူငယ်တွေ ခါးသီးပြီးတော့ အနာဂါတ်မှာ ချိုမြိန်ဖို့ မျှော်လင့်ထားပါတယ်။”ဟု ၎င်းက ပြောသည်။
အဆိုပါ လူငယ်နှင့် လူ့အခွင့်အရေး၊ ဂီတဆိုင်ရာသင်တန်းကို ရှားတောမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကာ အလားတူ သင်တန်းတစ်ခုကို ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လူငယ်နှင့် လူ့အခွင့်အရေး၊ ဂီတဆိုင်ရာသင်တန်းကို လွိုင်ကော်အခြေစိုက် လူငယ်အဖွဲ့အစည်းအစည်းဖြစ်သော လူငယ့်အားမာန်(CYC)မှ ဦးဆောင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
လူငယ်နှင့် လူ့အခွင့်အရေး၊ ဂီတဆိုင်ရာသင်တန်းနှစ်ခုကို ပြုလုပ်ပြီးပါက အဆိုပါသင်တန်းနှစ်မှ ထွက်ပေါ်လာသော သီချင်းများကို စုစည်းကာလူငယ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဂီတပွဲတော်တစ်ခုကိုလည်း ရှားတောမြို့တွင် ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။







