မင်းထွန်း — “စစ်ပွဲသာမဖြစ်ခဲ့ဘူးဆိုရင် ကျွန်မတို့ဘဝက အခုလို အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဒုက္ခသည်အဖုံဖုံကြုံရမှာ မဟုတ်ဘူး” လို့ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းသန်းနွယ်က စစ်ပွဲရဲ့သားကောင်ဖြစ်ရတဲ့ဘဝကို ငြိမ်းတွားပြီး ပြောပြနေလေပါတယ်။ သူမပြောကြားလိုက်တဲ့ စကားသံဟာ ရေနစ်မွန်းနေသူအလား၊ ကမ်းမမြင်လမ်းမမြင်တဲ့ သမုဒ္ဒရာထဲကို ရောက်ရှိသူနေပမာ ဖြစ်လို့နေပါတယ်။
ဒေါ်သန်းသန်းနွယ်မှာ (၈)လအရွယ် ရင်ဝယ်ပိုက်သားလေးတစ်ယောက်အပါအဝင် စုစုပေါင်း ရ ယောက်ရှိပါတယ်။ သူမတို့မိသားစုမှာ (၈)လအရွယ် သားလေးကိုမမွေးခင် စစ်ရေးပဋိပက္ခမဖြစ်ခင်တုန်းက ကလေး ၆ ယောက် ရှိပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ရသေ့တောင်မြို့နယ်အထက်ပိုင်း မယူမြစ်အရှေ့ဖက်ခြမ်းမှာတည်ရှိတဲ့ သောင်းဒရားကျေးရွာ ကလေးမှာ ဖြတ်သန်းနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာအစောပိုင်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့နှစ်ဖက်တိုက်ပွဲမှာ ၂၀၁၉ ၊ ၂၀၂၀ ခုနှစ်အတွင်းပိုမိုပြင်းထန်လာခဲ့ပြီး ဒေါ်သန်းသန်းနွယ်ဟာ သူတို့မိသားစုနေထိုင်ရာ သောင်းဒရားကျေးရွာလေးကို စစ်မီးရောက်ရှိလာမယ်လို့ မတွေးတော့ခဲ့ပါဘူး။ တစ်နေ့မှာတော့ စစ်မီးက သူမတို့မိသားစုနေထိုင်ရာအသိုက်အမြံုလေးရှိရာဆီကို ကူးစက်လာခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာနှင့် ထီးစွဲကျေးရွာအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် အဲဒီကျေးရွာသားတွေဟာ အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ကျေးရွာသားတွေနဲ့အတူ ဒေါ်သန်းသန်းနွယ်တို့မိသားစုလည်း အသက်အန္တရာယ်လုံခြံုမယ့် အရပ်ဒေသကို စွန့်ခွာလာခဲ့ရပါ တယ်။
“ကျွန်မတို့မိသားစုထမင်းစားဖို့ပြင်နေတာ။ ထမင်းလေ့မစားခဲ့ရဘူး။ ဒီအတိုင်းပစ်ထားခဲ့ရတယ်။ ဘာမှလည်းယူဖို့မရခဲ့ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးခဲ့ရတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားကပြေးလာခဲ့ရတာ။ ကလေးတွေကိုလည်းမစိုက်နိုင်။ ကလေးတခြား ကိုယ်တို့အခြား။ ခြံုတောထဲဝင်ပုန်း။ ကျည်ဆံကြားထဲက ပြေးလာခဲ့ရတာ”
အသက်အန္တရာယ်လုံခြံုစွာနဲ့ ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိလာခဲ့ပြီး မြို့ပေါ်ရှိ မေယုရတနာဘုန်းတော် ကြီး စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် မိသားစုအဖြစ်စာရင်းသွင်းကာ အလှူရှင်များ၏ထောက်ပံ့မှုနှင့် စား သောက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအချိန်ကာလက စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ ၅၃၉ တပ်ရင်းက လက်နက်ကြီးပစ်ခတ်သံတွေဟာ အကြောက်တရားလွှမ်းမိုးနေတဲ့ ဒေါ်သန်းသန်းနွယ်တို့ မိသားစုအတွက် မလှုံခြံုမှုတွေဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့် လက်နက်သံတွေကင်းဝေးရာ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်ကို တိမ်းရှောင်ခဲ့ပြီး ပဌာန်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေထိုင်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း စစ်ဘေးရှောင်စခန်းမှာ အဆင်မပြေမှုတွေရှိလာတဲ့အတွက် (၂)လလောက်သာနေထိုင်ပြီးနောက်ပိုင်း စခန်းကထွက်ခွာလာကာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အတွင်း အိမ်ငှား နေထိုင်ခဲ့ကြပြန်ပါတယ်။
“စခန်းထဲမှာက လူလည်းများတယ်။ပြီးတော့ မျက်နာလိုမျက်နှာရလုပ်တွေ့ရတယ်။ စစ်ဘေးရှောင်အချင်း ချင်းမှာတောင် အနိမ်ခံရတာမျိုးလည်းရှိတယ်။ရိက္ခာတစ်ကြိမ်ထောက်ပံ့လာရင်လည်း အပြည့် မရဘူး။ ဒါကြောင့် စခန်းမှာဆက်နေဖို့အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး ထွက်လာခဲ့တာ”
လုံခြံုသည့်အရပ်ဒေသမှာ နေထိုင်နေရပေမယ့်လည်း အငတ်ဘေးဒဏ်ကို ဒေါ်သန်းသန်းနွယ်တို့မိသားစု ရင်ဆိုင်လာခဲ့ရတော့တယ်။ ဒေါ်သန်းသန်းနွယ်တို့မိသားစုဟာ လင်ယောကျင်္ားဖြစ်သူ ဆိုက္ကားနင်းပြီးရရှိလာတဲ့ငွေကျပ် ၃၀၀၀၊ ၄၀၀၀ နှင့် စားဝတ်ရေးအပြင် အိမ်လခပါတစ်ခုရှိလာနေတဲ့အတွက် ငတ်ပြတ်တာတွေကို စတင်ကြံုတွေ့ရခဲ့ပါတယ်။
သုံးလေးထောင်ဝင်ငွေက တစ်လမှာ ရက်ပေါင်း ၁၅ ရက်လောက်သာ အဲဒီငွေပမာဏရရှိပေမယ့်လည်း ကျန်ရက်ပေါင်း ၁၅ ရက်လောက်မှာ တစ်ပြားမျှမရဘဲ အိမ်ပြန်ခဲ့ရတဲ့နေ့ရက်တွေလည်းရှိလိုနေပြန်ပါတယ်။
“ပုံမှန် ထမင်းနှစ်ထပ်စားနိုင်တဲ့နေ့ဆိုတာမရှိခဲ့ဘူး။ တစ်ထပ်စားပြီး အိပ်ခဲ့တဲ့နေ့တွေက ပိုများတယ်။ ကလေးတွေက ထမင်းငတ်တဲ့အဖြစ်နဲ့ နေသားကျနေကြပြီ”လို့ မနီးမဝေးမှာဆော့ကစားနေကြတဲ့ သူမရဲ့သားသမီးတွေကို လှမ်းကြည့်ကာ ပြောပြရှာပါတယ်။ တစ်နပ်စာထမင်း ဝဝလင်လင်စားနိုင်ဖို့အရေး ရုန်းကန်နေချိန်မှာဘဲ သူမတို့ရဲ့ ပြင်းထန်လှတဲ့လောကဒဏ်ကြီးက ထပ်ပြီးရိုက်ခတ်လာခဲ့ပါတယ်။
လင်ယောကျင်္ားဖြစ်သူ ဦးဝင်းချေဟာ ဆိုက္ကားနင်းတဲ့အလုပ်ကိုလုပ်ကိုင်နေရင်း တီဗီရောဂါကြောင့် အိပ်ရာထဲ လဲသွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ မိသားစုစားဝတ်နေရေးပြဿနာက ဒေါ်သန်းသန်းနွယ်ဘက်ကို ဦးတည်လာခဲ့ပြန် တော့တယ်။ လင်ယောကျင်္ားဖြစ်သူ တီဗီရောဂါဖြစ်လာချိန် ဒေါ်သန်းသန်းနွယ်မှာ လူ့လောကထဲကိုဝင်ရောက်လာမယ့် ရင်သွေးကို လွယ်ထားရတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဖြစ်လို့နေပါတယ်။
မြို့ပေါ်မှာ အလုပ်အကိုင်ကရှားပါးအခွင့်အလမ်းက ရှာမတွေ့၊ တစ်ခြားအလုပ်ကြမ်းတွေကိုလည်းမလုပ်နိုင်၊ ဆွေးမျိုး လည်းမရှိတဲ့အတွက် ဒေါ်သန်းသန်းနွယ်တစ်ယောက် ယောင်လည်လည်ဖြစ်နေရှာရပါတယ်။
ရှိတဲ့သားသမီးတွေမှာလည်း လုပ်တတ်ကိုင်တတ်အရွယ်မဟုတ်၊ အကြီးဆုံးသမီးက အသက် ၁၄ နှစ်သာရှိပါသေးတယ်။ နောက်ထပ် ၁၂ နှစ်သမီးတစ်ဦး၊ ၁၀ သမီးတစ်ဦး ၊ ၈ နှစ်သမီးတစ်ဦး၊ ၆ နှစ်အရွယ်သားတစ်ဦးနှင့် ၄ နှစ်အရွယ် သမီးတစ်ဦးတို့ရှိပြီး သားသမီးတွေကလည်း တစ်ဖက်တစ်လှမ်းက ကူညီဖို့ငယ်ရွယ်သေးတဲ့အတွက် ပိုပြီးစိတ်ပူစရာဖြစ်ခဲ့ရ ပါတယ်။ အကြီးဆုံးသမီးလေးကို မိသားစုစားဝတ်နေရေး ၀င်ငွေအခြေအနေအရ သူမရဲ့ယောက္ခမရှိရာ ကျောက်တော်မြို့ နယ်က ရွာလေးတစ်ရွာကို ပို့ထားရပါတယ်။
လင်ယောကျင်္ားဖြစ်သူ ဆေးခန်းပြဖို့အတွက်လည်း ငွေလိုအပ်နေတဲ့အပြင် မိသားစုဝမ်းရေးကတစ်ဖက် ပူပန်နေရတဲ့ ဒေါ်သန်းသန်းနွယ်တစ်ယောက် ကြံရာမရတဲ့အနောက်ပိုင်း လမ်းပေါ်ထွက်ခဲ့ပါတော့တယ်။
“ကလေးတွေ ထမင်းမစားရဘဲ ငါးနပ်လောက်ငတ်ပြီးပြီ။ တစ်ခြားအလုပ် တွေလည်းရှာမရ။နောက်ဆုံး အဲတာကိုလုပ်ဖို့စဉ်းစားခဲ့တယ်။ဘဝမှာ ဆင်းရဲပေမယ့် ဒီလိုတစ်ခါမှ မလုပ်ဖူးဘူး။ရှက်တယ်၊ကြောက်တယ်။ ကလေးတွေငတ်နေတာမကြည့်ရဲတော့ဘူး”
မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ကာတောင်းရမ်းလို့ရတဲ့ ငွေနှင့်ချက်ပြုတ်စားသောက်ခဲ့ရပြီး လောကဓံရဲ့ ကြမ်းတမ်းတဲ့ ဒဏ်တွေကို အံကြိတ်ကျော်ဖြတ်ရာခဲ့ရာကနေ လူလောကထဲကို၀င်ရောက်လာတော့မယ့် ကလေးကိုမွေးဖွားခဲ့ပါတယ်။
မွေးကမ်းစကလေးမိခင်တစ်ဦးဟာ အနည်းဆုံး ၄၅ ရက်လောက် လှုပ်ရှားသွားလာမှုမပြုလုပ်ဘဲ နေထိုင်ကြရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒေါ်သန်းသန်းနွယ်အတွက်တော့ အဲဒီလိုအခွင့်အရေးမရခဲ့ပါဘူး။ အငတ် ဒဏ်ကိုခံစားနေကြတဲ့ သားသမီးတွေရဲ့ ပူဆာမှုဒဏ်ကိုမြင်တွေ့လာတဲ့ ဒေါ်သန်းသန်းနွယ်ဟာ ကလေးမွေးပြီး သုံးရက်အကြာမှာပဲ လမ်းပေါ်ထွက်ကာ ဆက်လက်တောင်းခဲ့ရပါတယ်။
“ကလေးမွေးပြီး လေးရက်မြောက်နေ့မှာပဲ အပြင်ထွက်ပြီး တောင်းရမ်းဖို့သွားရတယ်။စားဖို့အတွက် ဘာမှမရှိဘူး။ ကလေးမွေးနေချိန်မှာတော့ အိမ်နီးချင်းတွေက ပေးလို့အဆင်ပြေတယ်။ဒါပေမဲ့ သူတို့တွေလည်း အကြာကြီး မကျွေးနိုင်ဘူးလေ။မွေးကင်းစ ကလေးလေးကိုထားပြီး ကျွန်မ မသွားချင်ဘူး။ ဒါပေမယ့် မတောင်းရင် ကျန်ကလေးတွေကငတ်မှာ’’
ရခိုင်ပြည်ဟာ တည်ငြိမ်နေပေမယ့်လည်း ကိုဗစ်နှင့်စစ်ရေးအပြင် လက်ရှိအခြေအနေအရ စစ်အာဏာသိမ်း မှုနောက်ဆက်တွဲကိုပါ ရင်ဆိုင်ခံစားနေကြရပါတယ်။
အဓိကအလုပ်မဲ့ပြဿနာဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီးတွေဟာ အလုပ်ရရှိဖို့ အခွင့်လမ်းဟာ အလွန်တရာနည်းပါးလို့နေပါတယ်။ သာမာန်အခြေခံလူတန်းစားတောင်မှ အလုပ်အကိုင်အခွင့်အလမ်းဆုံးရုံးနေရကြတဲ့အချိန်မှာ စစ်ဘေးဒုက္ခသည်တွေအတွက်ကတော့ မလွယ်လှပါဘူး။
အဲဒီအကြောင်းအရာတွေကလည်း ဒေါ်သန်းသန်းနွယ်အတွက် လမ်းပေါ်ထွက်ကာ ဆက်လက်တောင်းရမ်းဖို့ တွန်း အားတစ်ခုလိုဖြစ်လို့နေပါတယ်။ တောင်းရမ်းရတဲ့အလုပ်က မချောမွေ့လှဘဲ တစ်ချို့ကပေးကမ်းကြပေမယ့်လည်း တစ်ချို့ကကဲ့ရဲ့ပြစ်တင်ပြောဆိုမှုကို ဒေါ်သန်းသန်းနွယ်တစ်ယောက် ကြံုတွေ့ခဲ့ရပါတယ်။
“ကျွန်မတို့ခံစားနေရတဲ့ အခက်အခဲ့ကို သူတို့ကမှသိတာ။ပြောလည်း ပြောကြပါစေ ကျွန်မကလေး တွေမငတ်ဖို့ဘဲ အရေးကြီးတယ်လို့ စိတ်နဲ့ဖြေသိမ့်ခဲ့တယ်။
သေနတ်သံတွေမထွက်ပေါ်ခင်က ဒေါ်သန်းသန်းနွယ်မှာ တောရွာအခြေအနေအရ ကောက်စိုက်၊ ပျိုးနှုတ်၊ ဟင်းရှာအလုပ် ကိုလုပ်ကိုင်ပြီး ခင်ပွန်းဖြစ်သူ ဦးဝင်းချေကတော့ ကြံုရာကျပန်းနှင့် လယ်ယာ အငှားစတဲ့အလုပ်တွေကို လုပ်ကိုင်ကာ တက်ညီလက်ညီလုပ်ကိုင်ခဲ့ကြပါတယ်။ သူမတို့လင်မယားနှစ်ဦး လုပ်ကိုင်ရရှိတဲ့ ဝင်ငွေနှင့် မိသားစုစားဝတ်နေရေးအတွက် မပူမပန်ဘဲ ပြေလည်ခဲ့ကြသလို သားသမီးတွေပညာရေးအတွက်လည်း အဆင်ပြေချော့မွေ့ခဲ့ကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလာခဲ့ဖူးတာလဲဖြစ်ပါတယ်။
အခုအခါ စစ်ပွဲရဲ့ မြေဇာပင်အဖြစ်ကို ရောက်ရှိနေရတဲ့အတွက် ၀င်ငွေနည်းပါးပေမယ့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတဲ့ ဒေါ်သန်းသန်းနွယ်တို့မိသားစု အသိုက်အမြံုဟာ ပျက်စီသွားခဲ့ရကာ အခုအခါမှာတော့ ဒုက္ခပင်လယ်ထဲမှာ ဖြတ်သန်းနေကြရပါတယ်။ စားဝတ်နေရေးအတွက် ပူပင်နေရပေမယ့်လည်း တစ်ဖက်မှာ စိတ်အေးစရာတစ်ခုဖြစ်ခဲ့ရပါတယ်။ သေလုနီးပါးရောဂါဖြစ်ခဲ့တဲ့ လင်ဖြစ်သူ ဦးဝင်းချေကို စစ်တွေမြို့မှ အေးငြိမ်းအေးခန်းပိုင်ရှင်မိသားစုက ကူညီဆောင်ရွက်ပေးမှုကြောင့် လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လာနေပြီဖြစ်ပါတယ်။
ဒေါ်သန်းသန်းနွယ်တို့မိသားစုဟာ စက်ရုံရပ်ကွက်က နေအိမ်မှာ တစ်နှစ်ကျော်နေထိုင်ခဲ့ပြီး နေထိုင်သည့်အချိန်မှစကာ အိမ်လ ပုံမှန်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အိမ်ပိုင်ရှင်က စာနာသနားစိတ်နေထိုင်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှာ အဲဒီအိမ်ကို ရောင်းချတော့မှာဖြစ်တဲ့အတွက် အိမ်ပေါ်ကဆင်းခဲ့ရကာ စစ်တွေမြို့ အာကျိတ်တော်ကုန်းအနီးမှာရှိတဲ့ ကျူးမြေနေရာမှာ နေထိုင်ခဲ့ပြန်ပါတယ်။
လင်ယောကျင်္ားဖြစ်သူ အလုပ်မလုပ်ကိုင်နိုင်သေးတဲ့အတွက် ဒေါ်သန်းသန်းနွယ်တစ်ယောက် တောင်းရမ်းတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့ရပါတယ်။ လမ်းစမမြင်တဲ့အတွက် အပြစ်တင်ခံ၊ ကဲ့ရဲ့ခံအလုပ်ကို လုပ်ကိုင်နေရပေမယ့်လည်း ဒေါ်သန်းသန်းနွယ်မှာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုရှိလို့နေပါတယ်။
အရင်းအနှီးတစ်ခုပြုနိုင်အောင် ငွေစုမိလာမယ့် တစ်နေ့ဟင်းသီးဟင်းရွက်ဆိုင်ခန်းငယ်လေးတစ်ခုဖွင့်ပြီး ဘဝကို ဖြတ်သန်းချင်တယ်လို့ ညိုးငယ်စွာပြောဆိုပါတယ်။
ကျွန်မလည်းမတောင်း ချင်ဘူး။အရင်းအနှီး တစ်ခုရရင် ဟင်းသီးဟင်း ရွက်ရောင်းလို့ ပဲလုပ်စားချင်တယ်”
ဒါပေမယ့်လည်း ဒေါ်သန်းသန်းနွယ်တစ်ယောက် မျှော်မှန်းထားသို ဖြစ်မလာခဲ့ပါဘူး။ လက်ရှိ သူမတို့နေထိုင်တဲ့ ကျူး ကျော်မြေလေးက ထွက်ခွာပေးလိုက်ရပါတော့တယ်။ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ကမနက်ပိုင်းမှာ စစ်တပ်၊ ရဲ ၊ဌာနဆိုင်ရာနဲ့ အလုပ်သမားတွေက အဲဒီမှာနေထိုင်ကြတဲ့ ကျူးအိမ်တွေကို ဖယ်ရှားခဲ့တာကြောင့် သူမတို့မိသားစုအိမ်လည်းပါသွားခဲ့ပြန်ပါတယ်။
အလှူရှင်တွေက ထောက်ပံ့ကြတဲ့ ငွေအနည်းငယ်စုဆောင်းပြီး ဆောက်ထားတဲ့ မိသားစု ကျောတစ်ခင်းစာလေးဖြစ်တာကြောင့် ဒေါ်သန်းသန်းနွယ်တစ်ယောက်ဟာ ရင်နှင့်မဆန့်ဖြစ်နေရရှာပါတယ်။
သူမတို့မိသားစုလိုပဲ ရခိုင်ပြည်အတွင်း နှစ်နှစ်ကျော်တာစစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်သိန်းကျော်ထဲက အချို့ဟာ မြေဇာပင်ဖြစ်ခဲ့ရတယ်။ စား ဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အရာအားလုံးဆုံရှံုးနေကြရပါတယ်။
ဒေါ်သန်းသန်းနွယ်အဖို့လည်း လက်ရှိမှာ ရွာပြန်ဖို့အတွက်လည်းမဖြစ်နိုင်သေး၊ ကျူးကျော်မြေမှာ ဆက်နေထိုင်လို့လည်းမရ၊ စစ်ဘေးရှောင်စခန်းကို ပြန်ဝင်ဖို့အတွက်လည်း စခန်းက လက်ခံမလားနဲ့ လာမယ့်လောကဓံခရီးကြမ်းကို သူမအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား…………..







