ကရင်နီဒုက္ခသည်စခန်း မီးဘေးသင့်သူထက်ဝက်ကျော် အမျိုးသမီးနှင့် ကလေးငယ်များအတွက် အကူအညီများပိုမိုလိုအပ်

ကရင်နီဒုက္ခသည်စခန်း မီးဘေးသင့်သူထက်ဝက်ကျော် အမျိုးသမီးနှင့် ကလေးငယ်များအတွက် အကူအညီများပိုမိုလိုအပ်
by -
ကန္တရဝတီ
ဇွန်လိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းရှိ လူနေအိမ်များ မီးလောင်ကျွမ်းကြောင့် အိမ်ခြေ ၃၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး မီးဘေးသင့်လူဦးရေ ၁၅၀ ကျော်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။

မီးဘေးသင့်သူဦးရေ ထပ်ဝက်ကျော်က အမျိုးသမီးနှင့် ကလေးငယ်များဖြစ်၍ လက်ရှိတွင် မီးဘေးသင့်သူများက ၎င်းဆွေမျိုး၏ နေအိမ်တွင် သွားရောက် ခိုလှုံနေကြရခြင်းဖြစ်သည်။

ကရင်နီဒုက္ခစခန်း အုပ်ချုပ်ရေးရုံးမှ ဒုက္ခရောက်နေသူများအတွက် အစားအသောက်များကို ကူညီပေးလျက်ရှိသည်ဟု ကရင်နီဒုက္ခသည်ပင်မကော်မတီ အတွင်းရေးမှူး(၁) ခူးလွီးဇီက ပြောသည်။

မီးဘေးသင့်သူများ၏ နေအိမ်များကိုလည်း ဇွန်လိုင်လ ၁၁ နေ့ အချိန်အထိ ပြန်လည်မဆောက်လုပ်နိုင်သေးကြောင်း သိရသည်။

ခူးလွီးဇီက "သစ်ဝါးရောက်ပြီးတဲ့နောက် နောက်တစ်ပတ်လောက်ဆိုရင် သူတို့အိမ်ကို ပြန်ဆောက်နိုင်မယ်။ အိမ်ခေါင်မိုး ဖျက်စီးထားရတဲ့ အိမ်တွေအတွက်ပဲ ဖက်(အမိုး) ရသေးတယ်" ဟုပြောသည်။

လက်ရှိတွင် မီးဘေးသင့်ပြည်သူများအတွက် နေအိမ်အပြင် မိုးကာ၊ အဝတ်အထည်၊ မီးဖိုဆောင်သုံးပစ္စည်းများ လိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။

ဇွန်လိုင်လ ၅ ရက်နေ့ည ၁၀ ခွဲ အချိန်ခန့်တွင် ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်း ရပ်ကွက် ၅ တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ် ၃၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရန် လူနေအိမ်ခြေ ၃၇ လုံး၏ အိမ်ခေါင်မိုးများကို ဖျက်ဆီးပစ်ခဲ့ရသည်။

၄င်းမီးလောင်သည့်အကြောင်းအရင်းကို ပေါ့ဆမီးဟု ယူဆထားကြပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ကရင်နီဒုက္ခသည်များ လာရောက်ခိုလှုံနေသည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိနေပြီဖြစ်ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

၂၀၁၀ ခုနှစ် မတ်လအတွင်းတွင် စခန်း (၁) ရပ်ကွက် ၄တွင် မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ်ခြေ ၆၀ နီးပါး လောင်ကျွမ်းခဲ့သည်။

၂၀၁၁ ခုနှစ်တွင် စခန်း (၁) ရပ်ကွက် ၁၃ တွင် လူနေအိမ် ၁၉လုံး နှင့် စာသင်ကျောင်း ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးကာကွယ်နိုင်ရန် ရပ်ကွက် မီးသတ်သမားများမှ လူနေအိမ် ၂၇ လုံးကို ဖျက်ဆီးခဲ့ရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ အဘွားအိုတစ်ဦး သေဆုံးခဲ့ရပြီး လူနေအိမ် ၂၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လတွင်လည်း ကရင်နီ အမှတ် (၂) ဒုက္ခသည်စခန်းတွင် မီးလောင်မှု၌ လူနေအိမ်ခြေ ၄၀၀ ကျော် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည်ဦးရေ ၄၀ နီးပါးသေဆုံးကာ သေဆုံးခဲ့သူများအနက် ကလေးငယ် ၁၀ ဦးပါဝင်ပြီး လူ ၁၀၀ကျော် ဒဏ်ရာရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလအတွင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူအသေအပျောက်နှင့် ဒဏ်ရာ ရရှိသူ မရှိသော်လည်း လူဦးရေ ၁၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။

၂၀၁၀ ခုနှစ်မှစ၍ မီးလောင်ကျွမ်းမှု ၅ ခု အထိဖြစ်ပွားခဲ့ကာ ယခုနှစ် ဇူလိုင််လ ၅ ရက်နေ့ ည ၁၀ ခွဲ အချိန်ခန့်က မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...