ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် လျှပ်စစ်မီး နေ့စဉ် ပျက်နေခြင်းကြောင့် အထည်ချုပ် လုပ်ငန်းများနှင့် လျှပ်စစ်ကို အသုံးပြုရသည့် လုပ်ငန်းတချို့မှာ ဆုံးရှံးနစ်နာမှု များစွာရှိနေကြောင်း သက်ဆိုင်ရာ လုပ် ငန်းရှင်များထံမှ သိရသည်။
ထိုသို့ လျှပ်စစ်မီးမှာ နေ့စဉ် ပြတ်တောက်မှုရှိနေသဖြင့် ချုပ်ထည်အော်ဒါများ အချိန်မှီမပြီး၍ လုပ်ငန်းခွင်မှာ ဆုံးရှုံးနစ် နာမှုများစွာ ကြုံနေရသည်ဟု မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ တပိုင်တနိုင် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။
၎င်းက “မြဝတီမှာ လျှပ်စစ်မီးက အရင်တုန်းကလည်း ပျက်တယ်ဆိုပေမယ့် ဒီလောက်ထိ မဆိုးဘူး။ ပျက်ပြီး သိပ်မကြာ ဘူး ပြန်လာတယ်။ အခုဟာက နေ့တိုင်း တစ်ရက်ထဲမှာ သုံးလေးကြိမ်လောက် ပျက်နေတာ။ တစ်ခါပျက်ရင်လည်း နှစ် နာရီ၊ သုံးနာရီနီးပါး ကြာတာဆိုတော့ လုပ်ငန်းမှာ တော်တော်ထိခိုက်တာပေါ့။ ကျမတို့က ထိုင်းနိုင်ငံဘက်က အထည် တွေကို ယူချုပ်တာလေ။ မီးပျက်တဲ့အချိန်မှာ အလုပ်တွေ ရပ်ထားရတော့ ချုပ်ထည်တွေက ပုံမှန် သတ်မှတ်ရက်အ တွင်း မပြီးတော့ဘူး။”ဟု ၎င်းက ဆိုသည်။
ထိုသို့ဖြစ်နေသည့်အတွက် ထိုင်းဖက်မှ လုပ်ငန်းရှင်များနှင့် မျက်နှာပျက်ရသလို နောက်ထပ် ရရှိမည့်လုပ်ငန်းမှာယူမှု (အော်ဒါ)များကလည်း အလုပ်မအပ်ရဲကြတော့ဘဲ ဖြစ်လာပါက ယခင်ကလို လုပ်ငန်းပုံမှန် လည်ပတ်နိုင်ရေး၊ စက်ရုံအ လုပ်သမားများအပြင် တပိုင်တနိုင် လုပ်ငန်းပိုင်ရှင်များပါ ပုံမှန်ဝင်ငွေနှင့် စားဝတ်နေရေး အခက်အခဲများ ရှိလာသည်ဟု အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။
မြဝတီမြို့တွင် တပိုင်တနိုင် အသေးစား အထည်ချုပ်အလုပ်ရုံများ၂၀၀ ဝန်းကျင်ခန့်ရှိပြီး လျှပ်စစ်မီးပျက်ခြင်းကြောင့် ထို သို့ အလားတူ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် လျှပ်စစ်မီးအသုံးပြု၍ လုပ်ဆောင်ရသည့် ပိုစတာဗီနိုင်းဆိုင် များလည်း လုပ်ငန်းချိန်၌ လျှပ်စစ်မီးပျက်ခြင်းကြောင့် ထုတ်လက်စ ဗီနိုင်းများ ပျက်စီးဆုံးရှုံးရကြောင်း ၎င်းလုပ်ငန်းရှင် များက ပြောသည်။
ထိုသို့ လျှပ်စစ်မီး တစ်ရက်လျှင် သုံးကြိမ်ခန့် ပျက်နေသော်လည်း သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများဘက်က မည်သည့် အတွက်ကြောင့် မီးပျက်ရခြင်း၊ မီးပျက်မည့်အချိန်နှင့် မီးပြန်လာမည့်အချိန်ကို အများပြည်သူသိအောင် တစုံတရာ အသိ ပေးထုတ်ပြန်ခြင်း မရှိသည့်အပေါ် ဝေဖန်ပြောကြားမှုများလည်း ရှိနေသည်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူ ကိုဝင်းဇော်က “အခုဟာက သူတို့ မီးဖျက်ချင်တဲ့အချိန်မှာ ဖျက်တယ်။ လာချင်တဲ့အချိန်မှ လာတယ်။ တချို့ဆို ထမင်းချက်ရင်းတန်းလန်း မီးပျက်လို့ ပစ်လိုက်ရတဲ့ ထမင်းအိုးတွေလည်း အများကြီး ရှိတယ်။ ဒီလို ပြည်သူတွေ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် သက်ဆိုင်ရာဌာနအနေနဲ့ ဘယ်အချိန်မှာ ဘယ်လို မီးဖျက်မယ်ဆိုတာကို မီးအသုံးပြုနေတဲ့ ပြည်သူတွေသိအောင် ကြိုတင် သတင်းထုတ်ပြန် အသိပေးသင့်တယ်။”ဟု ၎င်း ၏အမြင်ကို ပြောဆိုခဲ့သည်။
၂၀၂၂ခုနှစ် နှစ်လတာအတွင်း မြဝတီမြို့၌သာမက ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ဖားအံ အစရှိသည့်မြို့များ တွင်လည်း နေ့စဉ် နာရီပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုနေ ကြသည်။







