ကယားပြည်နယ်စာတက်မြောက်မှု သုံးနှစ်အတွင်း ၁၇ ရာခိုင်နှုန်းကျော်မြှင့်တက်၊ ရာနှုန်းပြည့် စာတက်မြောက်လာသော ပြည်နယ်ဖြစ်လာ

ကယားပြည်နယ်စာတက်မြောက်မှု သုံးနှစ်အတွင်း ၁၇ ရာခိုင်နှုန်းကျော်မြှင့်တက်၊ ရာနှုန်းပြည့် စာတက်မြောက်လာသော ပြည်နယ်ဖြစ်လာ
by -
ကန္တာရဝတီ
၂၀၁၄ ခုနှစ်မှ၂၀၁၆ နှစ်ကုန်အထိ သုံးနှစ်အတွင်း နွေရာသီအခြေခံစာတက်မြောက်ရေးလုပ်ငန်းကို နှစ်စဉ်ဆက်တိုက်လုပ်ဆောင်ပြီးနောက် ကယားပြည်နယ်သည် မြန်မာနိုင်ငံအတွင်း တိုင်းနှင် ့ပြည်နယ်များအနက် ပထမဦးဆုံးရာနှုန်းပြည့် စာတက်မြောက််သည့် ပြည်နယ်ဖြစ်လာပြီဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မေလတွင် ကောက်ယူခဲ့သော မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြေခံစာတက်မြောက်မှု ရာခိုင်နှုန်း အနိမ့်ဆုံးအဆင့် ၄ သာ ရှိခဲ့ရာမှ သုံးနှစ်တာကာလအတွင်း အဆင့် ၁၁ ဆင့်ကို ကျော်ဖြတ်ပြီး ၂၀၁၇ခုနှစ်တွင် ကယားပြည်နယ်သည် ပြည်နယ်လုံးကျွတ် ရာနှုန်းပြည့် အခြေခံစာတက်မြောက်သော ပြည်နယ်အဖြစ် မှတ်တမ်းဝင်ပြီဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ စာတက်မြောက်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းကြိုင်က အတည်ပြုပြောကြားသည်။

ယူနက်စကို၏ နည်းပညာအကူအညီဖြင့် စတင်ခဲ့သော ကျောင်းပြင်ပပညာရေး(Non-Formal Education) အစီအစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော အဆိုပါအခြေခံစာတတ်မြောက်ရေးအစီအစဉ်(အရေး၊ အတွက်၊ အဖတ်)ကို ကယားပြည်နယ်၌ ၂၀၁၄ ခုနှစ်တွင် လွိုင်ကော်မြို့နယ် ၊၂၀၁၅ ခုနှစ်တွင် ဘောလခဲမြို့နယ်နှင့် ၂၀၁၆ ခုနှစ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လှုပ်ရှားခဲ့ဖြစ်သည်ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းကြိုင်က ပြောသည်။

“ကယားပြည်နယ်မှာ လုပ်သွားတဲ့ အခြေခံစာတက်မြောက်ရေးလှုပ်ရှားမှုက ပြည်နယ်လုံးကျွတ်စာတက်မြောက်တာဆိုရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံးပါပဲ။”ဟု ဒေါက်တာဝင်းဝင်းကြိုင်က ပြောကြားသည်။

ပြည်နယ်လုံးကျွတ်စာတက်မြောက်ရေးလှုပ်ရှားမှုကို လွိုင်ကော်ပညာရေးကောလိပ်၊ လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တို့၏ စေတနာဝန်ထမ်း ကျောင်းသူ/သားနှင့် ကြီးကြပ်သူများက တစ်ပြည်နယ်လုံးရှိ မြို့နယ် ရ မြို့နယ်တွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်ပညာရေးကောလိပ် လက်ထောက်ကထိက ဒေါ်မြင့်မြင့်သန်းက “ကျမတို့မှာ ရှိတဲ့ကလေးတွေကတော့ ဝိုင်းဝန်းလုပ်ခဲ့ကြပါတယ်။ ကလေးတွေအပြင် ကြီးကြပ်သူ ဆရာမတွေလည်း လိုက်ပါပြီးတော့ စာတက်မြောက်ရေးမှာ ဝိုင်ကူကြပါတယ်။”ဟု ပြောသည်။

အခြေခံစာတက်မြောက်ရေးတွင် သင်ကြားပေးခဲ့သည့် စာသင်သားများကို နောက်ဆက်တွဲအနေဖြင့် ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာပညာရေးအစီအစဉ်များဖြင့် ထပ်မံသင်ကြားပို့ချပေးမည့် စဉ်ဆက်ပညာရေးအစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

စာတက်မြောက်ရေး လှုပ်ရှားမှုတွင် စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါခဲ့သည့် လွိုင်ကော်တက္ကသိုလ်ကျောင်းသူ မဖရေမြာက “စာတော့ သင်ပေးလိုက်တယ်။ ရတဲ့သူက ရတယ်။ မရတဲ့သူက မရဘူး။ နောက်ပို်င်း စာဖက်ရှိန်မြှင့်တင်ရေးဆိုပြီး သူတို့ဆက်လုပ်ကြတယ်။”ဟု ပြောသည်။

နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါ၀င်သင်ကြားခဲ့သူများအနက် အချို့သည် အသက်အရွယ်ကြီးမြင့် သည့်အခါမှ စာကိုစတင်သင်ကြားရခြင်း၊ သင်တန်းကာလတိုတောင်းခြင်းတို့ကြောင့် သင်တန်းပြီးနောက်ပိုင်းတွင် အပြည့်အဝသင်ယူတတ်မြောက်မှုမရှိခြင်းများ ရှိကြောင်း ကာယကံရှင်အချို့ထံမှသိရသည်။

၂၀၀၆ခုနှစ် နိုဝင်ဘာလတွင်ပြုလုပ်သော ကယားပြည်နယ်လုံးကျွတ်နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှုတွင် စာစတင်သင်ယူခဲ့သော ဒီးမော့ဆိုမြိုနယ်၊ ငွေတောင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းက သူ့အတွေ့အကြံုကို “စာလုံးကို အကုန်လုံး ကောင်းကောင်းမမှတ်မိဘူး ပေါင်းဖတ်တဲ့ဟာတွေ မှတ်မိတဲ့ဟာတော့မှတ်မိ မမှတ်မိတဲ့ဟာတော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ ကောင်းကောင်းတော့ သိပ်မတက်ဘူး အသက်ကြီးမှ သင်လို့လာမသိဘူး မှတ်ဉာဏ်နည်းတယ်။”ဟု ပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့မှစတင်ခဲ့သော ကယားပြည်နယ်လုံးကျွတ် စာတက်မြောက်ရေးလှုပ်ရှားမှုတွင် စာသင်ဝိုင်း လေးရာကျော်ဖြင့် စာသင်သား ၅၃၀၀ ကျော်ကို စာသင်ကြားပေးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့အရောက်တွင် တစ်ပြည်နယ်လုံးရှိ ၁၅ နှစ်အထက် ပြည်နယ်သူ/သားများ၏ စာမတက်မြောက်မှုကို နိဂုံးချုပ်စေခဲ့သည်။

ကယားပြည်နယ်သည် ၂၀၁၄ခုနှစ်တွင် အသက်၁၅နှစ်အထက် လူဦးရေ ၁၇၅၅၇၀ဦးရှိသည့်အနက် စာလုံးဝမတတ်သူရာခိုင်နှုန်း ၈၂ဒသမ၁%( ၃၁၄၈၅ဦး)ရှိကာ တစ်နိုင်ငံလုံးအနက် စာမတတ်သူစတုတ္ထမြောက် အများဆုံးပြည်နယ်ဖြစ်ခဲ့သည်။

သို့ရာတွင် ၂၀၁၇ခုနှစ်တွင် ပြည်နယ်အတွင်းရှိ ပြည်သူအားလုံးသည် စာတတ်မြောက်သူများအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...