ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ခံနေရ

ဖောင်းဆိုင်ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ပင်ခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသတွင်း စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်တားမြစ်‌နေကြောင်း စစ်ရှောင်များ ကူညီပေးနေသူများမှ သိရသည်။

"ဖြစ်သလို ရှိတာနဲ့ ချွေတာ စားနေကြတယ်။ အခု တကယ်ကို ရိက္ခာက ပြတ်တောက်လုနီးပါး ဖြစ်နေပြီ။ ကြံခုတ်လို့ ရထားတဲ့ ပိုက်ဆံတွေလဲ ကုန်လာပြီ။ ဘာမှ လုပ်လို့ မရတော့ တော်တော်ခက်ခဲလာပြီ။ " ဟု ဒေသခံများ ကူညီပေးနေသူတစ်ဦးကပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ရာ ဖောင်းဆိုင်ဒေသအတွင်း ပုံမှန်ဝင်ရောက်နေသည့် ကုန်ကားများသာ ဝင်ခွင့်ပြုပြီး စစ်ရှောင်ပြည်သူနှင့် အခြားအဖွဲ့အစည်းများ၏ ကုန်ပစ္စည်း စားနပ်ရိက္ခာက သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်တားမြစ်‌ နေသည်မှာ တစ်လနီးပါးခန့်ရှိလာပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် ဘန်ဆိုင်းမှစကာ ဖောင်းဆိုင်ဒေသသို့သွားသည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများအား ကြုံရာစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ဖြတ်သွားခွင့်ပြု‌နေသော်လည်း စစ်ရှောင်များ၏ ရိက္ခာသယ်ယူရန် ခွင့်ပြုခြင်းမရှိ အကြောင်းမဲ့ တားမြစ်ပိတ်ပင်နေသည့်အတွက် ရေရှည်တွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်တောက်မူ ပို၍ခက်ခဲလာနိုင်ကြောင်း စစ်ရှောင်များ ကူညီပေးနေသူများကပြောသည်။

ထို့ပြင် ဖောင်းဆိုင်းဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လမှစကာ ကိုးကန့်နဲ့ စစ်ကောင်စီတပ်တို့ တ်ိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖောင်းဆိုင်ဒေသအတွင်းရှိ ကျေးရွာ ၁၅ ရွာခန့်နှင့် လူဦးရေ ၂၀၀၀ ဝန်းကျင်ခန့်သည် ကိုးကန့်ထိန်းချုပ်မူအောက်သို့ ရောက်ရှိသွားကြောင်း သိရသည်။

လက်ရှိ ယင်းကျေးရွာများမှ ပြည်သူများသည်လည်း ဖောင်းဆိုင်ဘက်သို့ သွားလာရန်ခက်ခဲနေသည့်အပြင် တရုတ်ပြည်ဘက်မှ စားနပ်ရိက္ခာများ သယ်ယူရန်မှာလည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။

"ပစ္စည်းတွေ ထောက်ပံ့မယ်ဆိုရင်တော့ ပို့လို့ရပေမယ့် နည်းနည်းခက်တယ်။ ကိုးကန့် ဘက်ထဲ ဝင်မယ်ဆိုရင် ဂိတ်မှာ ၂ ရက်ထားပြီးမှ အဲမှာ အားလုံး ဖွင့်ဖောက် စစ်ဆေး၊ ကွာရန်တင်း ဝင်ပြီးမှ ပြန်သယ်ယူလို့ ရတယ်။ နည်းနည်းလေး သယ်ပေးတာကို သီးသန့် ပိုက်ဆံ ပြန်ပေးရတယ် တော်တော် ကုန်တယ်။ ကုန်ကျစရိတ်က တော်တော် ခက်ခဲတယ်။ သယ်တဲ့ စရိတ်က ပို ကုန်ကျ စရိတ်များ နေတာ။ ကယ်ရီခ အရမ်း ဈေးကြီးတယ်။" လို့ ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းပြီးနောက် ဇူလိုင်လမှစကာ ကိုးကန့်ထိန်းချုပ်ရာနယ်မြေနှင့် စစ်ကောင်စီတပ်တို့ ထိန်းချုပ်ရာ နယ်မြေ ကွဲသွားသွားခဲ့ကြောင်း သိရသည်။

" ခုက နှစ်ခြမ်းကွဲသွားတာ ကိုးကန့်ဘက်ကို ၁၅ရွာလောက်ပါသွားပြီ ခုကဟိုဘက်ကလူလည်း ဒီဘက်ကို လာမရ လာလို့ လမ်းမှာ စစ်သားတွေနဲ့တွေ့မှာ ကြောက်တယ်လေ အဲတော့ နှစ်ဖက်စလုံးက စစ်ဘေးရှောင်ပြည်သူတွေက အစားအသောက် တော်တော်ခက်နေပြီ" လို့ ဒေသခံနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖောင်းဆိုင်ဒေသ အပါအဝင် မုံးကိုးမြို့နယ်ခွဲအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လမှစကာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လက်ရှိအထိ နှစ်ဖက် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကာ ဒေသခံ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု၊ နေအိမ် ထိခိုက်ပျက်စီးမှုတွေ အများအပြားရှိခဲ့ပြီး ဒေသခံပြည်သူတွေ ထောင်ချီ တိုက်ပွဲ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

Most read this week

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...