သဘာဝသစ်တောသစ်ပင်များ တဖြည်းဖြည်းပြုန်းတီးလာမှုအပေါ် ထိန်းညှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ဒေသခံပြည်သူများက ၎င်းတို့၏ သစ်တောထွက်ပစ္စည်းများကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်းများကို ပြုလုပ်လာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောသည်။
“သစ်တောဦးစီးဌာနအနေနဲ့ ဒေသခံပြည်သူတွေနဲ့ လက်တွဲပြီးတော့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်းဖြင့် သဘာဝသစ်တောတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းလို့ရပါတယ်။” ဦးဇော်ဦးက ပြောသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောကို အနည်းဆုံး လူ ၅ ဦးပါဝင်သော အသုံးပြုသူအဖွဲ့ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်ချက်အတိုင်း ဒေသခံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲမှုဖြင့် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဖွဲ့စည်းထားသော အဖွဲ့ဝင်များမှ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းကာ စိုက်ခင်းတည်ထောင်ရန် တည်နေရာရွေးချယ်ခြင်း၊ တိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းများပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းလုပ်ကိုင်ခွင့်ရရှိလာပါက သစ်တောဆိုင်ရာ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကိစ္စရပ်များကို ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနက အပြန်အလှန်ပံ့ပိုး ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
“တောင်ယာရွေ့ပြောင်းတာလည်း ပါတယ်။ ထုံးဖုတ်တာလည်းပါတယ်။ ထင်းလုပ်ရောင်းတာလည်းပါတယ်။”ဟု ပဒန်းခိုကျေးရွာမှ အဆိုပါ သင်တန်းသို့ တက်ရောက်နေသူ ဦးစောအောင်ဝင်က ပြောသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းလုပ်ကိုင်ခွင့် လျှောက်ထားသူများ အဆိုပါ သစ်တောနှင့် အနီးဆုံး ၅ မိုင်အကွာတွင် နေထိုင်သူများဖြစ်ရမည်ဖြစ်ပြီး ယင်းနေထိုင်သူများသည် နေရပ်တွင် အနည်းဆုံး ၅ နှစ်အထက် နေထိုင်သူများသာဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း ၄ ခု စုစုပေါင်း ဧက ၅၀၀ ကို တည်ထောင်ရန် ကယားပြည်နယ်သစ်တောဦးစီးဌာနက လျာထားဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်းကို ရေးဆွဲထားပြီး ၂၁၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ အကောင်အထည်ဖေါ်မည့် ယင်းစီမံကိန်းတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါဝင်အဖြစ် အစိုးရမှ စီမံကိန်းချ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။







