နယ်မြေကိုကာကွယ်ရင်း ပဋိပက္ခဖြစ်နေရဟု SSPP ပြော

နယ်မြေကိုကာကွယ်ရင်း ပဋိပက္ခဖြစ်နေရဟု SSPP ပြော

(ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ SSPP အဖွဲ့နှင့် အင်တာဗျူး)

မကြာမီရက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည်ဟု ထုတ်ပြန်ချက်ကိုယ်စီ ထုတ်ပြန်ထားသော်လည်း တွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ်လာခြင်းမရှိသေးပဲ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကို ရပ်တန့်သွားအောင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်းအဖွဲ့များ၊ ရှမ်းပြည်သူများက နှစ်ဖက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည်နိုင်ရေးနှင့် ပေါင်းစည်းနိုင်အောင်ရေးအတွက် ကြိုးစားညှိနှိုင်းခဲ့ကြသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြေလည်မှုမရှိသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိနေပါသလဲ၊ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး SSPP ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ဘယ်လိုအနေအထားရောက်မှ တိုက်ပွဲတွေ ရပ်တန့်သွားမှာလဲ စတဲ့အကြောင်းအရာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး - RCSS နဲ့ SSPP တို့က တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သဘောထားတော့ရှိကြတယ်ပေါ့နော။ ဒါပေမယ့် လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဆောင်နိုင်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလို့ပြောလို့ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ကျနော်တို့က တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ကျနော်တို့ အသုံးပြုခဲ့တာ နှစ်ပေါင်းဆယ်ချီရှိပြီလေ။ အမှန်ကျတော့ ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ပေါ့နော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်သာ ဖြေရှင်းဖို့ကို ကျနော်တို့မှာ သဘောထား မူပေါ်လစီက ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးပြီးတော ရလဒ်မထွက်နိုင်တဲ့ အခြေအနေမှာကျတော့ လက်နက်ကိုင်နည်းလမ်းကို ဖြေရှင်းရတယ်။ ဖြေရှင်းခြင်းဖြစ်တယ်ပေါ့လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ပြောဆိုဆွေးနွေးခြင်း အဖြေရှာခြင်းဟာကို ကျနော်တို့ လက်မလွှတ်သေးပါဘူး။ ဒါက ရှိပြီးသားဖြစ်တယ်ခင်ဗျာ။ ဒါက နှစ်ဖက်အဆင်ပြေနိုင်တဲ့နေရာ အဆင်ပြေနိုင်တဲ့ အချိန်ပေါ့နော်။ ဒါကျတော့ ပြန်ဆက်ဖို့ရှိပါတယ်။ လောလောဆယ်ကတော့ ကျနော်တို့ အခက်အခဲက အဖြေမထွက်နိုင်ဘူးပေါ့နော်။ အဖြေမထွက်နိုင်လို့ ဒီလက်နက်ကိုင်ပြီးတော့ ဖြေရှင်းရတဲ့ အခြေအနေဖြစ်တယ်ခင်ဗျာ။

မေး - တွေ့ဆုံဆွေးနွေးရေးမဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ပြောရမယ်ဆိုလို့ရှိရင်ပေါ့ နှစ်ဖက် အဆင်ပြေနိုင်တဲ့အခြေအနေ ညှိနှိုင်းဖို့လိုပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတာ ပိုကောင်းတယ်ဆိုတဲ့ဟာက ကျနော်တို့ အရင်ကတည်းက ကျနော်တို့လုပ်ခဲ့တာ နှစ်ပေါင်း ဆယ်ချီရှိပြီ။ ဒါပေမယ့် တစ်ဖက်က အပြောတစ်မျိုး အလုပ်တစ်မျိုးဆိုတဲ့ဟာပေါ့ ဒါဟာ ကျနော်တို့ ဆုံးဖြတ်ခဲ့တဲ့ဟာတွေက လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးပေါ့လေ။ ကျနော်တို့ ကိုယ့်နယ်မြေကိုပြန်ပြီးတော့ ကာကွယ်ရတဲ့အနေအထားကနေ အခုပြန်ပြီးတော့ ပဋိပက္ခပြန်ပြီးတော့ ဖြစ်တာပေါ့လေ။ အမှန်ကျရင် ကျနော်တို့က ပြဿနာစတာမဟုတ်ပါဘူး။ ဟိုဖက်က ပြဿနာထွင်တာပေါ့လေ။ အဲမျိုးကျတော့ နည်းနည်းဖြေရှင်းရတာ နည်းနည်းခက်တယ်လေ။ နိုင်ငံရေးပါတီတွေလည်း ဝင်ပြီးတော့ လုပ်ခဲ့ဘူးတာပဲ ပြီးတော့ တစ်ခြားအဖွဲ့အစည်းကလည်း လုပ်ခဲ့ဘူးတာပဲ။ ဒါပေ မယ့် မအောင်မြင်ဘူးလေ။ မအောင်မြင်တော့လည်း ဒီဟာက အဓိကဟန့်တားချက်က ကျနော်တို့ဖက်က မဟုတ်ပါဘူး။ ကျနော်တို့ဖက်ကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ဟာကို အစဉ်ဦးထိပ်ထားပြီးတော့ လုပ်ခဲ့တာရှိခဲ့တဲ့သာဓကတွေ အများကြီးပေါ့လေ။

မေး - မအောင်မြင်ရတဲ့ အဓိကအကြောင်းအချက်တွေက ဘာကြောင့်လဲ။ ဘယ်လိုပြောလို့ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - မအောင်မြင်ရတဲ့ အကြောင်းအရင်းက နယ်မြေပိုင်းခြားသတ်မှတ်မှုပေါ့လေ။ အမှန်က တိုက်ပွဲဖြစ်နေတာက ရှမ်းမြောက်မှာဖြစ်နေတာဖြစ်တယ်။ အခုလောလောဆယ်တော့ ရှမ်းပြည်တောင်ပိုင်း တချို့ပေါ့လေ။ ဒီဟာတွေကကျတော့ ကျနော်တို့ SSPP လွှမ်းမိုးလှုပ်ရှားခဲ့တဲ့ နယ်မြေတွေ အကုန်လုံးဖြစ်တယ်ခင်ဗျ။ အမှန်ကျတော့ ကျနော်တို့ RCSS ကို နယ်မြေကျူးပြီးတော့ဖော်တဲ့ တိုက်ပွဲတစ်ပွဲမှ မရှိသေးဘူး။ အဲ့ကြောင့်မို့လို့ ဒီဟာကျတော့ လူထုနဲ့ ကျနော်တို့ မဟာမိတ်တွေရော တခြား ရဟန်းသံဃာ ပြည်သူလူထုတွေရော ဒါသိဖို့လိုပါတယ်။ ကျနော်တို့ ခုဖြစ်နေတဲ့တိုက်ပွဲက ကျနော်တို့ ဟိုဟာပေါ့နော်။ ကျနော်တို့ SSPP လွှမ်းမိုးခဲ့တဲ့ နယ်မြေတွေဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့လေ။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့က တစ်စိုးတစ်စိမှ ကျနော်တို့ ကျူးလွန်မှုတစ်ခုမှ မရှိသေးပါဘူး။

မေး - ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက RCSS ရော SSPP ရော ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်။ SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရတာက RCSS အနေနဲ့ ယခင်အတိုင်းပဲ ရှမ်းပြည်တောင်ပိုင်းကို တာဝန်ယူဖို့ ပြောထားတာရှိတယ်။ ဒီလိုပြောထားတဲ့အပေါ်မှာ RCSS ဖက်က ဒီနယ်မြေကန့်သတ်မှုတွေ ကြိုတင်ကန့်သတ်မှုတွေအပေါ်မှာ အခြေခံပြီးဆွေးနွေးမယ်ဆိုရင် အလုပ်မဖြစ်ဘူးလို့ ပြန်ပြီးပြောထားတယ်။ ဆိုတော့ ဒီလို ပြောဆိုမှုအပေါ်မှာရော ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ဟုတ်ပါတယ်။ အဓိကဖြစ်နေတဲ့ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော်ဖြစ်တယ်ပေါ့နော။ သွားချင်တဲ့နေရာသွားလို့ရတယ်။ လုပ်ချင်တဲ့နေရာလုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာလုပ်လို့ရတယ်ဆိုတဲ့သဘောက သူတို့က ဒါက သူတို့ရဲ့ မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ ကျနော်တို့ နယ်မြေပိုင်းခြားသတ်မှတ်မှုပဲ ဒီဟာကို မလုပ်နိုင်သေးသရွေ့ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး။ ဥပမာပြောရမယ်ဆိုလို့ရှိရင် ဒီဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝန်းခတ်ရတာပဲလေ။ ရွာတစ်ရွာမှာဆိုလို့ရှိရင် သူက ရွာရဲ့ နယ်နမိတ်ဆိုတာရှိတာပဲ။ ဒါကို ကျနော်တို့ ကျော်လွန်ပြီးတော့ လုပ်လို့မရဘူးဆိုတဲ့ဟာပေါ့။ ဒါကတော့ အရင်းခံကျတော့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုဆိုတဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့ သွားစဉ်းစားရမှာဖြစ်တယ်။ အဲကြောင့်မို့လို့ ဒီဟာကို တကယ်လို့ RCSS က နယ်မြေပိုင်းခြားသတ်မှတ်မှုကို အရေးမထားဘူးဆိုလို့ရှိရင် SSPP ရဲ့ အသိအမှတ်ပြုမှုကို လုံး၀မလုပ်ဘူးဆိုတဲ့ဟာကို သွားပြီးတော့ သက်ရောက်တယ်လေ။ အဲကြောင့်မို့လို့ ကျနော်တို့ ပြဿနာဖြေရှင်းတဲ့ နေရာမှာကျတော့ ဒီဟာကို အခြေခံပြီးတော့ စဉ်းစားရမှာဖြစ်တယ်ခင်ဗျာ။

မေး - ဒီလို မတူညီတဲ့ ရပ်တည်ချက်တွေအပေါ်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေအုံးမှာပဲဆိုပြီး သုံးသပ်တာတွေရှိတယ်။ ဆိုတော့ ဒီအနေအထားတွေမှာဆိုရင် တိုက်ပွဲရပ်တန့်သွားအောင် ဘယ်လိုလုပ်ဆောင်လို့ရသလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ကျနော်တို့က ပြောထားပြီးသားပြီလေခင်ဗျာ။ သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေပေါ့နော်။ ဒီလိုအနေအထား ပြန်ရောက်တဲ့အချိန်ကျရင် ကျနော်တို့က ဒီနေ့လုပ်နိုင်လို့ရှိရင် မနက်ဖြန် ကျနော်တို့ ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။ ဒါ ကျနော်တို့ ရှိပြီးသားဖြစ်တယ်။ RCSS ကို နယ်မြေသွားလုဖို့ဆိုတဲ့ စဉ်းစားချက်ပေါ့နော် ကျနော်တို့မှာ မရှိပါဘူးခင်ဗျ။

မေး - ဆိုတော့ RCSS ဖက် တောင်ပိုင်းကိုပြန်ပြီးတော့ ဆုတ်သွားမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခက ချုပ်ငြိမ်းသွားမယ်လို့ ပြောချင်တာလား။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ဟုတ်ပါတယ်ခင်ဗျာ။ ကျနော်တို့က RCSS နယ်မြေ တောင်ပိုင်းနယ်မြေကို ကျနော်တို့က ကျူးကျော်ပြီးတော့ တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာ ကျနော်တို့ SSPP လှုပ်ရှားလွှမ်းမိုးခဲ့တဲ့ နယ်မြေတွေဖြစ်တဲ့ အကြောင်းပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေအထားမှာ ဖြစ်တယ်။ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကို ရပ်တည်မှုအတွက် ကျနော်တို့ လုပ်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ နယ်မြေပိုင်းခြားသတ်မှတ်မှုကို လုပ်နိုင်ပြီဆိုလို့ရှိရင် တိုက်ပွဲကငြိမ်းသွားမှာဖြစ်တယ်ခင်ဗျ။

မေး - ပြီးခဲ့တဲ့ ရက်က RCSS ရဲ့ ထုတ်ပြန်ချက်ထဲမှာ SSPP နဲ့ TNLA တို့ရဲ့ တပ်အင်အားတွေသယ်ဆောင်ဖို့ စစ်ကောင်စီတပ်ဖက်က လမ်းအသုံးပြုခွင့်ကို လွတ်လွတ်လပ်လပ်ပေးထားတယ်ဆိုတဲ့ ပြောဆိုမှုကို ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - အဲဒါတော့ လုံး၀မဟုတ်ပါဘူး။ ကျနော်တို့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လုပ်တယ်ဆိုတဲ့ဟာက သူက ပြည်သူလူထုကို လှည့်ဖြားတာပဲဖြစ်တယ်ခင်ဗျာ။ ဘယ်သူက လုပ်ခွင့်ပေးမလဲဆိုတဲ့ဟာကို သူတို့လည်း သိခဲ့တာပဲ။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ အစိုးရက ကူညီတယ်ဆိုတဲ့ဟာက ဒါကတော့ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်ဘူး။ ပြောမယ်ဆိုလို့ရှိရင်တော့ ပြည်ပရန် ကာကွယ်မှုဆိုရင်တော့ ဒါက တချို့တလေ ဖြစ်သွားမှာပေါ့လေ။ ဒီ ပြည်တွင်းပဋိပက္ခအနေအထားမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို လုံး၀ထောက်ပံ့တယ် ကူညီကာကွယ်တယ်ဆိုတာဟာ ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဒါကတော့ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် သူတို့ နားချတာဖြစ်တယ်ခင်ဗျာ။

မေး - တိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ နစ်နာဆုံးရှုံးမှု အများကြီးကို ကြုံတွေ့နေရတယ်။ ခံစားနေရတယ်။ အဲဒီအပေါ်မှာ ပြည်သူတွေကို ဘာပြောချင်သလဲ။

ဗိုလ်မှူး စိုင်းဖုန်းဟန် - ကျနော်တို့က လက်နက်ကိုင်ပြီးတော့ ပြဿနာဖြေရှင်းတဲ့နေရာမှာ ကျနော်တို့က ပြဿနာကို စဖော်တာမဟုတ်ပါဘူး။ RCSS က စဖော်တဲ့ ဖော်ကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီဟာကို ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေအထားကနေပြီးမှ မလွှဲမရှောင်ပဲနဲ့ တိုက်ပွဲဖြစ်တဲ့အကြောင်း ကျနော်တို့ ပြောလိုပါတယ်။ ပြီးတော့ ပြည်သူလူထု ဒုက္ခရောက်အောင်ဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ လုပ်နေတာ မဟုတ်ပါဘူး။ အမြန်ဆုံး ကျနော်တို့ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ကျနော်တို့ ဆန္ဒရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဘယ်တော့မှ မပိတ်ပါဘူးဆိုတဲ့ဟာ ကျနော်တို့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

 
 

 

 

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...