ပြီးခဲ့သည့် မေလအတွင်းက ကရင်နီတပ်များလှုပ်ရှားရာ နေရာထဲသို့ အစိုးရတပ်များဝင်ရောက် လှုပ်ရှား နေသည့်အတွက် နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေကြရသည်ဆိုသည့် သတင်းထွက်ပေါ်လာခဲ့ ပြီးနောက် မေးမြန်းခဲ့ရာ ယခုလို ရှင်းလင်းပြောသွားခဲ့ခြင်းဖြစ်ပါသည်။
“ ပြည်နယ်အစိုးရကနေ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့အခါမှာ ရံဖန်ရံခါ တရားမဝင်လုပ်ငန်းဖြစ်တဲ့ မှောင်ခိုလုပ်ငန်းတွေ သတ္တုလုပ်ငန်းတွေ မူးယစ်ဆေးဝါးကိစ္စတွေ ကိုဒီပြည်နယ်အစိုးရကနေသိရှိပြီး ဖော်ဆောင်တဲ့ အခြေအနေမျိုးမှာ အန္တရာယ်ရှိတဲ့ နယ်မြေမျိုး ရှိခဲ့ရင် လုံခြံုရေးအရ တပ်မတော်က ကူညီရယူပြီးတော့ ဆောင်ရွက်ရတဲ့အခါမျိုးမှာ တပ်တွေ သွားရောက်ကူညီပေး တာရှိတယ်။” ဟု မေလ ၂၅ ရက်နေ့ ပြည်နယ်အစိုးရရုံးခန်းမ သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသွားခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိတွင် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်နယ်မြေ အတွင်းတွင် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရခြင်းဖြစ် သည်ဟုဆိုပါသည်။
မေလအတွင်းတွင်လည်း ဖရူဆိုမြို့နယ်အတွင်းတွင် စစ်တပ်မှ အင်အား ၂၀ ခန့်ဖြင့် သွားလာခဲ့ပြီး မှောင်ခို လုပ်ငန်းများဖမ်းဆီး အရေးယူနိုင်ရန် သွားလာနေရခြင်းဖြစ်သည်ဟု ဒေသခံများကို ပြောဆိုကာ သွားလာလှုပ်ရှားခဲ့ကြသည်ဟု ဒေသခံများ ပြောကြားချက်အရလည်း သိခဲ့ရပါသည်။
၂၀၁၂ခုနှစ်က KNPPနှင့် အစိုးရတို့အကြား ပြည်နယ်အဆင့် ပဏာမပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရ နှစ်ဘက်ထိမ်းချုပ်မှုနေ ရာဒေသသို့ လက်နက်အပြည့်အစုံနှင့်သွားလာရာတွင် (၃)ရက်ကြိုတင်သတင်းပေးပို့ရမည်ဖြစ်သည်ဟု စာချုပ်တွင် ပါရှိပါသည့်အတွက် ယခုလို သွားလာလှုပ်ရှားမှု အပေါ် အသိပေးဆောင်ရွက်ခြင်းမရှိပါက တစုံတရာ မလိုလားအပ်သည့် ပြဿနာဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
“ဒါကို ပြည်နယ်ငြိမ်းချမ်းရေးကိုမလိုလားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်လိုတဲ့ လူတချို့က အကြောင်းအရာ ပြီးပြည့်စုံတဲ့ သတင်းတချို့ကို ဖော်ပြရေးသားပြီးတော့ ပြည်သူလူထုထိန့်လန့်အောင် ဖော်ဆောင်ရေးသားမယ်ဆိုရင် စိတ်ထိခိုက်ရမှာကတော့ ကျနော်တို့ ပြည်သူလူထုပဲဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီးမြင့်ဝေက ပြန်လည်ပြောဆိုသွားပါသည်။
၂၀၁၂ ဇွန်လက ၉ရက်နေ့မှ ယခု ဇွန်လ ၉ ရက်နေ့သည် ပြည်ထောင်စုအဆင့်ပထမအကြိမ် ငြိမ်ချမ်းရေးဆွေးနွေးပွဲ ငါးနှစ်ပြည့်ပြီဖြစ်ပြီး သေနတ်အသံ တချက်မျှ မကြားခဲ့ရသည့်အခြေအနေပေါ်တွင် ကြည့်ခြင်းအားဖြင့် သဘောတူညီချက်စာချုပ်များကို အားလုံးက လေးစားလိုက်နာနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး မြင့်ဝေက ဆက်လက်ပြောကြားသွားခဲ့ပါသည်။
“ဒီလိုတွေမဖြစ်အောင်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆက်ဆံရေးရုံးတာဝန်ခံများနှင့် အမြဲမပြတ် ဆက်သွယ်ခြင်း ၊ လူတွေ့ခြင်း ၊ ညှိနှိုင်းတိုင်ပင်ခြင်းတို့ ပြုလုပ်ခဲ့တယ်။” ဟု ပြောပါသည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတော်အတွင်း ပြည်ထောင်စုအစိုးရမှ ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွား မှာဖြစ်သည်ဟုဆိုပါသည်။
ပြည်နယ်အဆင့် ကေအဲန်ပီပီနှင့် ပြည်နယ်အစိုးရအကြား သဘောတူညီထားကြသည့် အချက်များကို မည်သည့်လက်နက်ကိုင်အဖွဲ့ အစည်းက ချိုးဖောက်လိမ့်မည်မဟုတ်ကြောင်း ပြောဆိုသွားပါသည်။







