COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဖြင့် မေးမြန်းခြင်း

COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဖြင့် မေးမြန်းခြင်း

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေနှင့် အသိပညာပေးမှုနဲ့ ပတ်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့တာဝန်ခံ MR. Zet ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကချင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို သိချင်ပါတယ်။

ဖြေ - ကိုဗစ်ကာကွယ်ဆေးထိုးပေးတာနဲ့ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီကနေ ထိုးပေးနေတာရှိတယ်။ နောက်ပြီး နိုင်ငံတကာအဖွဲ့အစည်း NGO/ INGO လုပ်သားများ ရှေ့တန်း Volunteer တွေကို ထိုးပေးနေတာလည်းရှိတယ်။ ဒီထဲမှာမှ ရောက်ရှိဖို့ ခက်ခဲတဲ့ ဒေသတွေထိ ကာကွယ်ဆေးတွေရောက်ရှိနေပြီ။ ထိုးလည်း ထိုးပေးနေပြီ။ တချို့ကတော့ တရွာလုံး တစ်ယောက်မကျန် ထိုးရမယ်ဆိုပြီး အုပ်ချူပ်ရေးမှူးများမှ နိုးဆော်နေတာမျိုးတွေ၊ တချို့ကတော့ မထိုးချင်ပေမဲ့ ထိုးရမယ်ပြောတော့ ဘယ်လိုဖြစ်မလဲဆိုပြီး စိုးရိမ်လို့အကြံတောင်း မေးမြန်းလာတာတွေလည်း အမျိုးမျိုးရှိနေတယ်။

မေး - အခုလို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စဉ်းစားနေတဲ့ ပြည်သူတွေကို ဆရာ့အနေနဲ့ ထိုးသင့်လား၊ မထိုးသင့်လားဆိုတာ ပြောပြပေးပါ။

ဖြေ - ပထမဆုံး ကိုယ်ထိုးရမဲ့ဆေးက ဘာအမျိုးအစားလဲဆိုတာကို သိစေချင်တယ်။ ထိုးသင့်လား မထိုးသင့်လားဆိုတော့ ဖြစ်နိုင်ရင် ထိုးထားတာက အကောင်းဆုံးပဲ။ နာတာရှည်ရောဂါ၊ ဆီးချို၊ သွေးချို၊ နှလုံး စတဲ့ ရောဂါအခံရှိတဲ့သူတွေ၊ သက်ကြီးရွယ်အို ခုခံအားမရှိတော့တဲ့ သူတွေကလွဲလို့ အားလုံး ထိုးတာ အကောင်းဆုံးပဲ။ ကျနော်တို့ ကာကွယ်ဆေးထိုးထားတဲ့ သူတွေများလေလေ၊ ထိုးလို့မရတဲ့သူတွေအတွက် အကာအကွယ်ဖြစ်လေလေ ဖြစ်လာမယ်။

ဖြစ်နိုင်ရင် ခုခံနိုင်စွမ်းရှိတဲ့ သူတွေအားလုံး ထိုးထားစေချင်တယ်။ ဒါပေမဲ့ ဆေးထိုးမဲ့အချိန် ကိုယ်ထိုးရမဲ့ဆေးက ဘာအမျိုးအစားလဲ၊ ဘယ်နိုင်ငံကလဲ၊ နောက်ပြီး ဒီဆေးကို သယ်ယူပို့ဆောင်တဲ့ခါ နည်းလမ်းကျကျ သယ်ယူပို့ဆောင်တာရော ဟုတ်ရဲ့လား၊ ဆေးထိုးတဲ့နေရာမှာ နည်းလမ်းတကျ ထိုးနှံပေးနေတာရော ဟုတ်ရဲ့လား ဆိုတာမျိုးတွေကို ကြိုတင်ခန့်မှန်းလေ့လာပြီး ထိုးယူတာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ မြင်တယ်။ မထိုးဘူးဆိုရင်က မိမိမှာ ရောဂါကူးစက်မှုခံရခဲ့လျှင် အခြေအနေဆိုးဖို့ ရာခိုင်နှုန်းများမယ်။ ပြင်းထန်လက္ခာတွေ ခံစားမယ်။ ထိုးထားရင်က ကူးစက်မှုခံရလျှင်လည်း သေဆုံးမှု ရာခိုင်နှုန်း လျော့ကျပေးတယ်။ ခံနိုင်ရည်ရှိသွားမယ်။ ကိုဗစ်ပိုး ထပ်မံ ကူးစက်ခံရပေမဲ့ မဆိုးရွားတော့ဘူး။ ကာကွယ်ဆေးထိုးဖို့လည်း မကြောက်နဲ့ ကြောက်စရာမဟုတ်ဘူး။ ဆေးထိုးပြီး ၃ ၊ ၄ ရက်တော့ ဆေးတုန့်ပြန့်မှု အနည်းငယ် ခံစားမှုရှိတယ်။ ခေါင်းကိုက်တာမျိုးတွေ၊ ခန္ဓာကိုယ်ကိုက်ခဲတာမျိုးတွေ၊ ကိုယ်နည်းနည်းပါးပါး ပူတာတို့ အဲ့တာတွေထက်ပိုပြီး တခြားထူးထူးခြားခြားဖြစ်တာမရှိဘူး။ ကိုဗစ်ရောဂါကို ခုခံနိုင်စွမ်းရှိသွားမယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးမှာနဲ့ မထိုးဖို့ဆိုရင် ထိုးတာက အကောင်းဆုံးဖြစ်တယ်။

မေး - ကိုဗစ် ကာကွယ်ဆေးအမျိုးအစားများနဲ့ ကာကွယ်ဆေးထိုးမယ်ဆိုရင် ဘယ်လိုလေ့လာ ထိုးနှံသင့်လဲဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ -  ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့နိုင်ငံအလိုက် အမျိုးအစား မျိုးစုံရှိတယ်။ အများကြီးရှိတဲ့ထဲမှာ ကျနော်တို့ နိုင်ငံထဲ ရောက်တာက တရုတ်နဲ့ အိန္ဒိယ ဝင်တာများတယ်။ ဒီလို အမျိုးအစား ၅၊ ၆ မျိုးရှိတဲ့ထဲမှ အများပိုင်းထိုးတာက CovidShield ဖြစ်တယ်။ Covidshield က ဘေးထွက်ဆိုးကျိုးလည်းနည်းတယ်။ ထိုးပြီး လက္ခာပြ ဆိုးရွားတာ မရှိသလောက်တွေ့ရတယ်။ ဆိုတော့ တချို့က ကာကွယ်ဆေးထိုးပြီး ခုခံနိုင်စွမ်းမရှိတာကြောင့် ကိုဗစ်ဖြစ်သလို ဖျားနာခံစားရတာတွေ့ရတယ်။

ကိုဗစ်ဆေးကို လက်ရှိ NGO အဖွဲ့အစည်းများမှ ထိုးပေးနေတာလည်းရှိတယ်။ ကာကွယ်ဆေးကတော့ မတည့်တဲ့သူတွေနဲ့တော့ မတည့်ဘူးပေါ့။ အခု စစ်တပ်မှလည်း ထိုးပေးနေတာရှိတယ်။ ဒီဟာလည်း ကျနော်တို့ အမြင်အရဆိုရင်တော့ ကြောက်စရာ စိုးရိမ်စရာ မလိုဘူးလို့ ပြောချင်တယ်။ ဘာကြောင့်ဆိုရင် ကာကွယ်ဆေးကတော့ ရောဂါလက္ခဏာ ဆိုးရွားတာတွေ လျော့ကျစေတာကြောင့် ထိုးထားတာ ကောင်းလိမ့်မယ်။

မေး - လက်ရှိအခြေအနေအရ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စိုးရိမ်ကြောက်ကြနေသေးတဲ့ ပြည်သူတွေကိုရော ဆရာ့အနေနဲ့ ဘယ်လိုအကြံပေး ပြောလိုပါလဲ။

ဖြေ - ကာကွယ်ဆေးထိုးပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ကောလဟာလ အများကြီးထွက်တယ်။ ကိုဗစ် ကာကွယ်ဆေး ပထဆုံးထွက်လာတဲ့အချိန်မှ အခုချိန်ထိဆိုရင် ကိုဗစ်ကာကွယ်ဆေး ရရှိမှုရာခိုင်နှုန်းလည်း များလာသလို နောက်ပိုင်း လူနာတွေလည်း ကူးစက်မှု လျော့ကျလာတာကိုတွေ့ရတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုလည်း ကြိုတင်မသိနိုင်တာကြောင့် လက်ရှိထိုးထားတာက အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြည်သူတွေကို ဘယ်လိုအကြံပေးပြောလိုပါသလဲ။

ဖြေ- ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ဖုန်းနဲ့ဆက်သွယ် မေးလာကြတဲ့ သူတွေအများကြီးရှိတယ်။ လူကြီးတွေက ထိုးရမယ်တဲ့ ကျနော်၊ ကျမတို့က မထိုးချင်ဘူး ပြောကြတယ်။ သူတို့ကို ဘာကြောင့်လဲမေးတော့ ကာကွယ်ဆေးထိုးပြီး ဟိုဟာဖြစ်တယ်တဲ့၊ ဒီဟာဖြစ်တယ်တဲ့ ဆိုပြီး သူတို့ကြားတဲ့ ကောလဟလ တွေကြောင့် စိုးရိမ်ကြတယ်။ ဆိုတော့ ကာကွယ်ဆေးထိုးတာကောင်းတယ်။ ကိုယ့်မှာ အခြား နာတာရှည်ရောဂါ မရှိဘူးဆိုရင် ထိုးကြပါ။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေကိုတော့ ကိုယ်ခုခံနိုင်စွမ်းရှိတဲ့သူတွေထိုးခြင်းအားဖြင့် သူတို့ကို အကာအကွယ်ပြုပေးရအောင်လို့ အမြင့်ဖွင့် ပညာပေးနေတာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်။ ပိုပြီးတော့ ကျေးရွာဒေသများမှ ပြည်သူများ ကိုယ်ထိုးရမဲ့ဆေးကို အရင်မေးမြန်း- ဘာအမျိုးအစား၊ ဘယ်နှခေါက်ထိုးရမဲ့ဟာမျိုး၊ အဲ့တာကို သယ်ယူတာကတော့ ဘယ်လို သယ်ယူပို့ဆောင်တယ်ဆိုတာတွေကို လေ့လာကြည့်ရှုပြီး ကောင်းမွန်စွာ ထိုနှံခံယူတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။

 
 

 

 

Most read this week

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...