ဝေဖန်မှုများ ခံနေရချိန် KIO ၏ နိုင်ငံရေး ရှင်းလင်းပွဲ ပြုလုပ်

ဝေဖန်မှုများ ခံနေရချိန် KIO ၏ နိုင်ငံရေး ရှင်းလင်းပွဲ ပြုလုပ်
by -
ကေအဲန်ဂျီ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မထင်မှတ်ဘဲ သွားရောက်ခဲ့ခြင်းကြောင့် ဝေဖန်မှုတချို့ရှိနေချိန် လူထု ရှင်းလင်းပွဲ တခုကို ဇွန်လ ၃ ရက်နေ့ လိုင်ဇာ Padang ခန်းမ တွင် ပြုလုပ်ခဲ့သည်။

ဒုတိယ ဥက္ကဌ ရှင်းလင်းသွားသည့်အကြောင်းမှာ KIO အနေဖြင့် UNFC က နှုတ်ထွက်ဖို့ စာတင်ပြီး UWSA ‘ဝ’ ဦးဆောင်သော နိုင်ငံရေးလမ်းကြောင်းမှာ ပါဝင်ရခြင်း နှင့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ခြင်း တို့ကို အဓိက ရှင်းလင်း ပြောကြားခဲ့သည်။

ဒု ဥက္ကဌ ရှင်းလင်းရာတွင် “ပင်လုံညီလာခံ သွားတက်တာ အရမ်းတော့ မရှုံးပါဘူး။ တစ်ဖက်မှာ အောင်မြင်မှုလည်း ရှိတယ်ဆိုတာ ပြောပြချင်တယ်။ အခုက KIO ဗဟိုရဲ့ ဦးဆောင်မှုကို မယုံ သလိုလို၊ အထင်သေး သလိုလို ပြောဆိုနေတာတွေကို facebook ကြည့်ရင် ဆိုးဆိုး ရွားရွားတွေ့နေရတယ်။”

UNFC ၏ ဗဟိုအမှုဆောင်တစ်ဦးနှင့် ပြည်ပ အခြေစိုက် ကချင်အမျိုးသား အစည်းအရုံး KNO ခေါင်းဆောင် ဖြစ်သူ ဒူဝါဘောမ်ဝမ် လရော် က ယခုလို ဝေဖန် ပြောဆိုပါသည်။

“ကချင် အမျိုးသား တစ်ခုလုံးရဲ့ ခေါင်းဆောင်းတစ်ယောက် အနေနဲ့ သွားတာ လို့မြင်တယ်။ ဒါပေမယ့် အဲဒီညီလာခံမှာ ကချင်အမျိုးသားတွေနဲ့ပတ်သက်ပြီး ဘာမှ ပြောခွင့် မရ၊ ဆွေးနွေးခွင့် မရဘဲ ဒီအတိုင်း သွားတက်တာက ကောင်းတဲ့ အစီစဉ် မဟုတ်ဘူးလို့ မြင်တယ်”

KIO ၏ လက်ရှိ လုပ်နေသည့် နိုင်ငံရေးနှင့် ပတ်သက်ပြီး “မဟုတ်တဲ့ အလုပ်ကိုတော့ KIO ဗဟို က ဦးဆောင်လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် အားလုံးက စိတ်ရှည်ပြီး နားမလည် မရှင်းလင်းတာရှိရင် အချိန်ခဏ စောင့်စေချင်တယ်။ KIO ရဲ့ ဦးဆောင်မှု နိုင်ငံရေးလမ်းစဉ်တွေမှာ အားလုံး တက်ညီလက်ညီ ရှေ့ဆက်ရအောင်” ဟု ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောသည်။

သို့သော်လည်း လွန်ခဲ့သည့်အချိန်များမှာ KIO က နိုင်ငံရေးမှာ မှားယွင်းစွာ ရပ်တည်ခဲ့သည်။

၁၇ နှစ်သာ ငြိမ်းချမ်းရေးကာလ ကချင်ပြည်သူများကန့်ကွက်နေသည့်ကြား မြန်မာစစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ထောက်ခံ ခဲ့သည်။ သို့ပေမယ့် အစိုးရနဲ့ ၁၉၉၄ ငြိမ်းချမ်းရေးစာချုပ်က ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာ အဆုံးသတ်သွားခဲ့သည်။

ထို့နောက်၂၀၁၃ ခုနှစ် တရုတ်အစိုးရ ကူညီမှုဖြင့် အစိုးရ နှင့် KIO အပစ်ရပ် လက်မှတ် မထိုးပေမယ့် စစ်ရှိန် လျော့ချရေး သဘောတူညီမှု ဖြင့် မြစ်ကြီးနား၊ မန္တလေး နှင့် ရန်ကုန်မြို့တို့တွင် ဆက်ဆံရေးရုံး ထားနိုင်ခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး နောက်ဆုံး KIO ၏ အမာခံ Gidon စခန်းကို သိမ်းပိုက်ခဲ့သည် အထိ ဖြစ်သည်။

၁၉၇၆ ခုနှစ် ကရင် အမျိုးသား အစည်းအရုံး KNU နှင့် KIO ဦးဆောင်မှုဖြင့် အမျိုသားဒီမိုကရက်တစ် တပ်ဦး NDF အမည်ဖြင့် တပ်ပေါင်းစု တစ်ခုကို ဖွဲ့စည်းခဲ့သည်။ NDF ၏ ရည်ရွယ်ချက်မှာ စစ်ရေး နိုင်ငံရေး နည်းလမ်းဖြင့် မြန်မာပြည် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်ဖြစ်သည်။

သို့သော်လည်း KIO က အဦးဆုံး NDF အဖွဲ့မှ နှုက်ထွက်ကာ ၁၉၉၄ အစိုးရ နှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ အကျိုးရလဒ် အနေဖြင့် မြန်မာစစ်တပ် ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံ ပေးမှု မှတပါး တခြား မည်မည်ရရ မလုပ်နိုင်ခဲ့ပါ။

ယခုတဖန် KIO ၏ နိုင်ငံရေး ဦးတည်ချက် လမ်းကြောင်း မှားနေပြီလား။ မိမိကိုယ်တိုင် အားထုတ် ပါ၀င် ဖွဲ့စည်းခဲ့သော UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ က နှုတ်ထွက်ပြီး UWSA ‘ဝ’ ဦးဆောင်သည့် နိုင်ငံရေးလမ်းကြောင်းအောက် KIO စတင် ပါဝင်နေပြီ ဖြစ်သည်။

စနေနေ့ ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ တပ်ထု လူထု ရှင်းလင်းပွဲကို တက်ရောက်သူများမှာ မြစ်ကြီးနားရှိ SMJH (Shawnglam Mungmasa Jasat Hpung) ဟုခေါ်သော KIO ဦးဆောင်ဖွဲ့စည်းသည့် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR နှင့် ကချင်အသင်းတော် ခေါင်းဆောင်များ ပါ၀င်ပါသည်။ သို့သော်လည်း မြို့တွင်း ကချင်နိုင်ငံရေး ပါတီများကို ဖတ်ကြားခြင်း မရှိခဲ့ပေ။

၂ နာရီခန့်ကြာ ပြုလုပ်ခဲ့သည့် KIO ဒုဥက္ကဌ၏ နိုင်ငံရေး ရှင်းလင်းပွဲတွင် တက်ရောက်သည့် ပရိတ်သတ်များမှ မေးခွန်း မေးမြန်းခွင့် မရခဲ့ကြောင်း သိရသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...