အုပ်ချုပ်ရေးမှူးဖြစ်သူထံ တရားဝင်ရုံးတံဆိပ် ရိုက်နှိပ်ထားသော ပုံစံ(၁) လျှောက်လွှာရယူခြင်း၊ အသိပေးခြင်းမရှိပဲ၊ အခြား မြို့နယ်နေသူ (၁၄) ဦးတို့အား လွယ်လင်မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းအရာရှိများမှ ပုံစံ(၇) ထုတ်ပေးခြင်းသည် တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း လွယ်လင်မြို့နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
"ကျနော်တို့ ကန့်ကွက်နေတဲ့ကြားက ကျနော်တို့အရပ်ဒေသမှာရှိတဲ့ ပိုင်ရှင်ရှိ စိုက်ပျိုးမှုလုပ်နေဆဲ မြေယာတွေကို အခြားမြို့နယ် ကလူတွေဆီ အလွယ်တကူ ပုံစံ(၇) ထုတ်ပေးလိုက်တဲ့အတွက် မြေယာအလွဲသုံးစားလုပ်တဲ့ မြေစာရင်းဦးစီးဌာနက၊ ဦးစီးမှူးနဲ့ မြေတိုင်းအရာရှိတွေကို တိုင်ကြားစာတွေ အဆင့်ဆင့်နဲ့ တိုင်ကြားသွားမယ်" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ချိုခမ်းကျေးရွာရှိ ဒေသခံများ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးမှူးတို့မှ ၂၀၁၄ သြဂုတ်လကတည်းက မိမိတို့ပိုင် ယာမြေများအား ရောင်းချခြင်းမပြုရန် မြေစာရင်းဦးစီးဌာနထံ သွားရောက်ကန့်ကွက်ခဲ့သော်လည်း ၂၀၁၅ မေလတွင် လွယ်လင်မြို့နယ် မြေစာရင်း ဦးစီးဌာနမှ မိုင်းပွန်အုပ်စုနေသူ (၁၄) ဦးတို့အား ပုံစံ(၇) ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လွယ်လင်မြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းအရာရှိတို့အား၊ အရေးယူပေးရန်နှင့် ပြန်လည်စီစစ်ပေးရန် ချိုခမ်းကျေးရွာ ရှိဒေသခံ (၇၀)ကျော်တို့မှ လက်မှတ်ရေးထိုးကာ ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ၊ ပြည်နယ် မြေစာရင်း ဦးစီးဌာနနှင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်းပြောပါသည်။
“လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁)ကို သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ အခမဲ့သွားယူလို့ရပါတယ်။ အဲဒီမှာအချက်အလက်တွေကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ရပ်ကွက်(သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးကို သွားရောက်လျှောက်ထားရပါမယ်” ဟု ခေါက်နွဲ့ဒေသခံ စိုင်းမျိုးက ပြောသည် ။
၎င်းနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်မြေစာရင်းဦးစီးဌာနက “ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်အရ ကန့်ကွက်ချက် တစုံတရာရရှိလျှင် မြို့နယ် ဦးစီးရုံးသည် ယင်းကန့်ကွက်ချက် လက်ခံရရှိသည့်နေ့မှ သာမာန်အားဖြင့် (၇) ရက်အတွင်း သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ယင်းကန့်ကွက်ချက် အပါအဝင် သက်ဆိုင်သည့်စာတမ်း အမှတ်အသားများကို ပေးပို့၍ စုံစမ်းစစ်ဆေးတင်ပြစေရန် အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ပါသည်" ဟု ထုတ်ပြန်ကြေငြာထားပါသည်။







