လိုလားချက်များကို ရာနှုန်းပြည့် ဆုပ်ကိုင်ထားပါက နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မှု ကြန့်ကြာနိုုင်

လိုလားချက်များကို ရာနှုန်းပြည့် ဆုပ်ကိုင်ထားပါက နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မှု ကြန့်ကြာနိုုင်
by -
ကန္တရဝတီ
သက်ဆုုိင်ရာ လက်နက်ကိုုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာတွင် လိုလားမှုများကို အလျော့အတင်းမရှိပဲ ရာခိုင်နှုန်းပြည့် ဆုပ်ကိုင်ထားမည်ဆိုပါက နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုများအချိန်ကြန့်ကြာနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ လေးရက်နေ့မြောက် မနက်ပိုုင်း သတင်းစာရှင်းလင်းပွဲတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဆိုပြုမှုများအပေါ် ကြန့်ကြာနေရကြောင်းကိုု မေးမြန်းရာတွင် ယင်းသိုု့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ရာနှုန်းအပြည့်ရမှ လက်ခံမယ်၊ သဘောတူမယ်ဆိုရင် ကျနော်တို့ဟာတွေကနည်းနည်းကြာမယ်ပေ့ါ။ အဲ့တော့ နှစ်ဘက်လုံးကတော့ ကိုယ်လိုချင်တာ အပြည့်မရနိုင်ဘူး။ နှစ်ဦးနှစ်ဘက်အလျော့အတင်းတော့ရှိရမယ်။ ဒါမှလည်း ကျနော်တို့လည်း ဆက်ပြီးတော့ပူးပေါင်းဆောင်ရွက်လို့ရမယ် ” ဟု ဦးဇော်ဌေးကပြောသည်။

တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဘက်၏ အဓိကစိုးရိမ်ပူပန်မှုမှာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီးနောက် သဘောတူညီမှုများကို ထပ်မံချိုးဖောက်မှု မရှိစေရန်ဟူသောအချက်ဖြစ်ပြီး ထိုုအချက်ကို ပို၍ခိုင်မာအောင်လုပ်ဆောင်ကြရန် သဘောတူထားကြသည်။

သို့သော် အဆိုုပါ သဘောတူညီမှုကိုု ရေရှည်ခိုုင်မြဲအောင် ထိန်းသိမ်းမည့် နည်းလမ်းပိုင်းနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဘက် သဘောထားကွဲလွဲမှုရှိနေသည်ဟု ဦးဇော်ဌေးကပြောသည်။

ယမန်နှစ်က ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံတွင် UNFC အနေနှင့် တက်ရောက်ပြီး စာတမ်းဖတ်ခွင့်ရှိခဲ့သော် ယခုဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံအစည်းဝေးကိုုမူ UNFC က တက်ရောက်ခြင်းမရှိပေ။

UNFC ၏ အဆိုပြုချက်များကိုအခြေခံပြီး NCA လက်မှတ်မထိုးနိုင်သေးခင်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံကို လေ့လာသူအဖြစ်တက်ရောက်နိုင်ရေးအတွက် ကြားခံလက်မှတ်အဖြစ် ကတိကဝတ်ပြုချက် (Deed of Commitment – DoC)ကို လက်မှတ်ရေးထိုးပေးရန် အစိုးရက ကမ်းလှမ်းခဲ့သော်လည်း UNFC အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးက သဘောတူလက်ခံထားခြင်း မရှိသေးသောကြောင့် ကတိကဝတ်ပြုချက်ကို မထိုးနိုင်ခဲ့ကြောင်း နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူးဦးရယ်ကပြောပါသည်။

သို့သော် UNFC အနေနှင့် အားလုံးသဘောတူလက်ခံသော NCA လမ်းကြောင်းအတိုင်း သွားနိုင်ရန် အတွက် အားလုံးနှင့်ဆက်လက် ညှိနှိုင်းဆွေးနွေးအဖြေရှာသွားရန်ရှိသည်ဟု ခူးဦးရယ်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံပြီးလျှှင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့်ညှိနှိုင်းဆွးနွေး မှုများကို မူလအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်မျှာ်မှန်းထားပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော ဆွေးနွေးမှုဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ဦးဇော်ဌေး ကပြောသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA အောက်ရောက်ရှိလာစေရန် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လက်ရှိဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် တစ်နုုိင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်တွေ့ကျကျ ဖြစ်ပေါ်စေရန် နှင့် NCA ပိုမိုခိုင်မာစေရေး အဆိုပြုချက် (၉)ချက်ကို တရားဝင် ညှိနှိုင်းလာခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ-ဇူလိုင်လ များတွင် NLD အစိုးရ၏ ၂၁-ရာစုပင်လုံညီလာခံကျင်းပရေးဆပ်ကော်မတီ(၂)နှင့် DPN တို့ကြားတွင် တရားဝင် (၃) ကြိမ်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည်သုံးသပ်အစည်းအဝေး (၂) ကြိမ်၊ အလွတ်သဘော (၂) ကြိမ် တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့ပါသည် ဟု (၂၁) ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးနှင့် ပတ်သက်၍ UNFC၏ မေလ(၂၃)ရက် သဘောထား ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားပါသည်။

UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KIO ၊SSPP၊ NMSP၊ KNPP၊ ANC ၊ WNO၊ နှင့် LDU ဟူ၍ ရ ဖွဲ့ရှိသော်လည်း KIOနှင့်WNO တို့မှာနုတ်ထွက်စာတင်ထားပြီး SSPPနှင့်KIOမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ (မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့)တွင်ပါ၀င်ကာ ယခုကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး UNFC မှ NMSP၊ KNPP၊ ANC ၊ WNO၊ LDU ၅ဖွဲ့သာ ညီလာခံမတက်ဘဲကျန်ရှိနေခဲ့သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...