၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပစဉ် အစိုးရတပ် နှင့် မဟာမိတ် တပ် တိုက်ပွဲ ဖြစ်

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပစဉ် အစိုးရတပ် နှင့် မဟာမိတ် တပ် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
မြန်မာအစိုးရ၏ (၂၁) ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေး ကျင်းပနေစဉ် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ကြား တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

မေ (၂၄) ညီလာခံ ဖွင့်ပွဲနေ့မှ စပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၂) ဒေသ မုန်ဂျီ-ကွန်လုန် လမ်း ဘက်တွင် တိုက်ပွဲ ဖြစ်ပွား လာကြောင်း KIA တပ်မဟာ (၆) သတင်းရပ်ကွက် က ကချင်သတင်းဌာန KNG ပြောသည်။

“မိမိတို့ KIA တပ်ရင်း (၂) တပ်ဖွဲ့ ရှိသော ကောင်ကလောင်ရွာ နှင့် လွယ်ဆိုင်ရွာ ကြား ကို မြန်မာစစ်တပ် ခမရ (၃၆၇) စစ်ကြောင်း ချီတက်လာခြင်းကြောင့် ညနေ ၄း၂၀ မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်” ဟု ကချင် လွတ်လပ်ရေး အဖွဲ့ ၏ The Kachinnet သတင်းမှာ ဖော်ပြပါသည်။

မေ (၂၃) ရက်နေ့ ကလည်း မန္တလေး-မူဆယ်လမ်း အနောက်ဘက် KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) ဒေသ နမ်ဖတ်ကာ ကျေးရွာ အနီး (၂) နေရာ၌ မြန်မာ စစ်တပ် တပ်မ (၈၈) အောက် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း The Kachinnet သတင်းက ဆက်ဆိုသည်။

ထို့အပြင် KIA နယ်မြေများနှင့် ဆက်စပ်နေသော မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် တအောင်း (ပလောင်) နှင့် ကိုးကန့် ဒေသများ တွင်လည်း အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

မေ (၂၄) ရက်က တအောင်းဒေသ (၂)နေရာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သံလွင်မြစ် အရှေ့ဘက် ကိုးကန့် ဒေသတွင် မေ (၂၅) ယမန်နေ့ က တိုက်ပွဲငယ် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု က သတင်း ထုတ်ပြန်သည်။

အထက်မြန်မာပြည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ (၇) ဖွဲ့ ပါ၀င်သော ‘ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (Federal Political Negotiation and Consultative Committee -- FPNCC)’ ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် (၂၁)ရာစု ပင်လုံ ညီလာခံသို့ တက်ရောက် နေပါသည်။ NCA တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်နှင့် NCA နိုင်ငံရေးလမ်းစဉ် ကို လက်မခံသော FPNCC ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ယနေ့ တွေ့ဆုံမည် ဖြစ်သည်။

NCA စာချုပ် လက်မှတ် မရေးထိုးသော်လည်း ယခင် ပထမ ညီလာခံ က တက်ရောက်ခဲ့သော်လည်း ယခု ညီလာခံတွင် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ပါ၀င် တက်ရောက်ခြင်း မရှိပါ။

မြန်မာအစိုးရ ၏ (၂၁) ရာစု ပင်လုံ ညီလာခံ သည် မူလ ပင်လုံစာချုပ် ကတိကဝတ် အတိုင်း အကောင်အထည် မဖော်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရှိသော လူမျိုးကို အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်စနစ်မှ လွှဲသွားမှာကို တိုင်းရင်းသား ခေါင်းဆောင်များ စိုးရိမ်နေပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...