၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ KNPP မတက်ရောက်

၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ KNPP မတက်ရောက်
by -
ကန္တရဝတီ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေးသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ မတက်ရောက်ခဲ့ပေ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကို မေလ (၂၃) ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ရာတွင်လည်း ၎င်းတို့အဖွဲ့မှ ပင်လုံကို မတက်နိုင်ကြောင်း အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း KNPP မှ ထိုနည်းတူ သဘောထားခဲ့ခြင်းဖြစ်သည်။

မေလ ၁၈ နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အစည်းအဝေး ၁၃ ကြိမ်မြောက် ပါတီ ကွန်ကရက်မှ ထုတ်ပြန်ကြေငြာချက်အတွင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းမှ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ညပီး လက်ရှိ တွေ့ဆုံဆွေးနွေးမရေး အဆင့်ဆင့်အား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရန် အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တိုင်ပင်ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

ယမန်နှစ်ကကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံပထမအစည်းအဝေးတွင် တန်းတူဆွေးနွေးခွင့်ရှိသဖြင့် UNFC တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ဒုတိယအကြိမ်အစည်းအဝေးတွင် လေ့လာသူအဆင့်သာရှိသောကြောင့် မတက်ရောက်သင့်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု UNFC ဒုဥက္ကဌနိုင်ဟံသာက ပြောသည်။

“၂၁ ပင်လုံမလာတဲ့အပေါ်မှာ ကျနော်တို့အတွက် အခက်အခဲကြုံတာကတော့ သူတို့ဖိတ်စာကလည်း ရောက်တာ တော်တော်လေးနောက် ကျတယ်။ ကျနော်တို့အစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေတယ်၊ နောက်တစ်ခုက ကျနော်တို့ကို အထူးဧည့်သည်အနေနဲ့ဖိတ်ကြားတယ်။ ဒါကတော့စကားလုံးလှအောင် အထူးဖိတ်ကြားသူူပေါ့။ အမှန်ကတော့ လေ့လာသူ အဆင့်ပါပဲ။ ကျနော်တို့က အခြားကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့် ဆုံးဖြတ်ခွင့်တွေ မရှိတဲ့အနေအထားပေါ်မှာ ကျနော်တို့ကတော့ မတက်သင့်ဘူးလို့ မြင်တယ်၊ အရင်ကလည်း ဒီလိုပဲဆုံးဖြတ်ခဲ့တယ်” ဟု နိုင်ဟံသာက ပြောသည်။

၂၁-ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဒုတိယအကြိမ်အစည်းအဝေးသို့ တန်းတူရည်တူ ပါ၀င်တက်ရောက်ဆွေးနွေးဆုံးဖြတ်နိုင် ရန်အတွက် (Deed of Commitment – DoC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့ကို လက်မှတ်ရေးထိုးမှသာ တန်းတူရည်တူတက်ရောက်ခွင့် ရရှိမည်ဟုု မေလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ (UPDJC) မှ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ထို့နောက် မေလ ၁၈ရက်နေ့တွင် “အထူးဖိတ်ကြားသူ” အဖြစ် တက်ရောက်နိုင်ပါရန် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများသို့ DPN မှတဆင့် ဖိတ်ကြားစာပေးပို့လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း DPN၏ အဆိုပြုချက် (၉) ချက်ကို ယနေ့ထိတိုင် ညှိနှိုင်းသဘော တူညီမှုမရရှိသေးသဖြင့် (Deed of Commitment – DoC) လက်မှတ်ရေးထိုးနိုင်ရေးအဆင့်သို့ မတက်လှမ်းနိုင်သေးခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) စိုုင်းကျော်ညွှန့်က “အစုံတက်လာနိုင်ရင်တော့ အကောင်းဆုံးပေ့ါ။ ဒါပေမဲ့ အစုံမတက်လာနိုင်သေးဘူးဆိုတော့ကား သူတို့ရဲ့အသံတွေ မပါနိုင်သေးဘူးပေါ့ဗျား.ဒီပွဲမှာကတော့ဖြင့် သူတို့မတက်ဘူးဆိုတာကလည်း ဖိတ်ကြားတဲ့ပုံစံကြောင့်ဖြစ်ပါလိမ့်မယ်။ အထူးဖိတ်ကြားတာကတော့ ဆွေးနွေးမှုတို့ ဒီအပေါ်မှာတော့ မူအရဆိုရင်တော့ လုပ်လို့မရဘူးဆိုတဲ့သဘောလည်း သူတို့လည်း အဲ့လိုပဲသဘောထားတော့ ညီလာခံကို ဒီတိုင်းကြီး လာတက်ရုံနဲ့တော့ သူတို့လည်း မတက်ချင်လောက်ဘူးဆိုတဲ့သဘောဖြစ်ပါလိမ့်မယ်။”ဟုပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် မေလ ၂၄ရက်က စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအစည်း အဝေးတွင် အဖွင့်အမှာစကားပြောကြားစဉ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါသည်။ UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KIO ၊SSPP၊ NMSP၊ KNPP၊ ANC ၊ WNO၊ နှင့် LDU ဟူ၍ ရ ဖွဲ့ရှိသော်လည်း KIOနှင့်WNO တို့မှာနုတ်ထွက်စာတင်ထားပြီး SSPPနှင့်KIOမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ (မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့)တွင်ပါ၀င်ကာ ယခုကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး UNFC မှ NMSP၊ KNPP၊ ANC ၊ WNO၊ LDU ၅ဖွဲ့သာ ညီလာခံမတက်ဘဲကျန်ရှိနေခဲ့သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...