ရေးတောင်ပိုင်းတွင် အရပ်သားတစ်ဦး သေနတ်ပစ်သတ်ခံရ၍ သေဆုံး

ရေးတောင်ပိုင်းတွင် အရပ်သားတစ်ဦး သေနတ်ပစ်သတ်ခံရ၍ သေဆုံး

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအနီး ပြီးခဲ့သည့်ရက် ည ၈ နာရီအချိန်ခန့်က အရပ်သားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ ယမန်နေ့ (ဇွန်လ ၂၅) နံနက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဟံဂံရွာသား အသက် ၄၉ နှစ်ရှိ ကိုစိုးလွင် (ခေါ်) နိုင်အချော့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မျက်နှာ၊ ပါးနှင့် နောက်ကျောတွင် ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် ရေးမြို့ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက “သူ့သူငယ်ချင်းနဲ့အတူ ခြံကို ဆိုင်ကယ်နဲ့ ညအိပ်သွားတယ်၊ ကျိုက်မင်းမလော့လမ်းမအတိုင်း ခြံသွားတဲ့လမ်းမှာပဲ ပစ်ခံထိတယ်၊ နောက်ကျောပြင်ကို အရင်ပစ်တယ် ပြီးတော့ မျက်နှာကိုပစ်တယ်၊ လည်ပင်းမှာလည်း ဒဏ်ရာရှိတယ်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်မင်းမလော့ဘုရားသွားရာ လမ်းမပေါ်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသော်လည်း မွန်သတင်းအေဂျင်စီက သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ပြီးခဲ့သည့် ဇွန်လလယ်က ရေးမြို့ အ.လ.က (၂) ကျောင်းရှေ့ ကျောင်းဆင်းချိန်တွင် မော်တော်ယာဉ်လမ်းရှင်းပေးနေသည့် ရပ်မိ/ရပ်ဖတစ်ဦးကိုလည်း အမည်မသိသေနပ်သမားတစ်ဦးက ပစ်သတ်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်းရှိ ပညာရေးအဆောက်အအုံများကို ဗုံးထောင်ခြင်း၊ လူပုဂ္ဂိုလ်အချို့နေအိမ်ဗုံးခွဲခြင်းနှင့် လက်ပစ်ဗုံးပစ်သွင်းခြင်း (၁၅) ကြိမ်ထက်မနည်း ဖြစ်ပေါ်လာခဲ့သော်လည်း လက်သည်များအား သက်ဆိုင်ရာမှ ယခုတိုင် ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

Most read this week

ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...