အရပ်သား ၂၅ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNDO ကို စုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်

အရပ်သား ၂၅ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNDO ကို စုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်
Photo - အလောင်းများစုပြုံထားသည့်နေရာ (မြဝတီသတင်းစဥ်)
Photo - အလောင်းများစုပြုံထားသည့်နေရာ (မြဝတီသတင်းစဥ်)

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိမ်းချုပ်နယ်မြေ ကနဲလေး-မောခီကြားရှိ အူးချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂‌၅ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးသွားမည်ဟု KNU မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

KNU ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ် ကနဲလေး-မောခီကြားရှိ အူးချောင်းတံတားလုပ်ငန်းများ လုပ်ကိုင်နေစဉ် အမျိုးသမီးနှင့် ကလေးများ အပါအဝင် စုစုပေါင်း ၄၇ ဦးကို ၎င်းဒေသတွင်လှုပ်ရှားနေသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ ဖမ်းဆီးသွားပြီးနောက် အသက် ၁၈ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အရပ်သားများကို သတ်ဖြတ်သည့်ဖြစ်စဉ်တို့ကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အဖြစ်မှန်‌ပေါ်ပေါက်ရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု ဆိုသည်။

သို့ရာတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြ၏ ပြောရေးဆိုခွင့်ရှိသူ စောဝါးနေနူးက ၎င်းတို့လက်တွင် သေဆုံးသွားသူ ၂၅ ဦးသည် အရပ်သားများမဟုတ်ဘဲ KNDO ဘက်ကိုထောက်လှမ်းရန် စစ်ကောင်စီဘက်ကလွှတ်ထားသည့် ထောက်လှမ်းရေးများဖြစ်ပြီး စစ်အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားများ၊ ကြည်းတပ်မှ စစ်သားများပါဝင်သည်ဟု ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

စောဝါးနေနူးက “ညတိုင်း သူတို့ ဒရုန်းနဲ့ တလတိတိ လွှတ်တယ်။ အဲဒါမျိုး ကျနော်တို့ လက်မခံကြောင်းပြောတယ်။ သူတို့က ဆက်လုပ်တော့ ကျနော်တို့ တာဝန်ရှိတဲ့အတိုင်း ဆက်လုပ်ရမယ်။ ဒါက ကျနော့်အထင်က ကျနော်တို့က စစ်တိုက်နေတာ။ သူတို့ကိုပြောနေတာ သူတို့မှနားမထောင်ဘဲ။ သူတို့က နယ်မြေရှင်းလင်းရေး နယ်မြေရှင်းလင်းရေး အမြဲလုပ်ချင်နေတာ။ သူတို့လည်း ပြည်သူလူထုကိုသတ်တာ မနည်းဘူးလေ။ သူတို့က GE တပ်လေ၊ သူတို့ထဲက ညွှန်ကြားတဲ့တပ်ပဲ” ဟု ပြောသည်။

ဝေါလေမြို့နယ်ခွဲတွင် KNDO နှင့် စစ်ကောင်စီတပ်တွေအကြား မေလ ၃၁ ရက်မှ ဇွန်လ ပထမအပတ်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အူးဟူချောင်းတံတားလုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၁ ရက်နှင့် ၉ ရက်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ကျန် ၂၅ ဦးမှာ သတ်ဖြတ်ခံခဲ့ရပြီး စစ်ကောင်စီမှ ဇွန်လ ၁၁ ရက်တွင် ရုပ်အလောင်း ၆ လောင်း တစ်စုတည်းမြှုပ်နှံထားသည်ကို ကနဦးတွေ့ရှိခဲ့ရကာ ဇွန်လ ၁၂ ရက်၌ ရုပ်အလောင်း ၁၈ လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ထိုကိစ္စရပ်များနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥပဒေများနှင့်အညီ အရေးယူမှုပြုလုပ်ရန် သတ်မှတ်ချက် စည်းမျဉ်း စည်းကမ်းများရှိကြောင်းနှင့် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရရှိလာသော စုံစမ်းမှုရလဒ်များကိုမှ အသိပေးထုတ်ပြန်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

 
 

 

 

Most read this week

March 27, 2024
စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊...
March 26, 2024
အာဏာသိမ်း စစ်ကောင်စီက ဖြစ်ချင်နေသော နိုင်ငံရေးထောင်ချောက်များအတွင်းသို့ သက်ဆင်း မကျသွားစေဖို့...
March 25, 2024
ရေး-ထားဝယ် ကားလမ်းမပိုင်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆင်ရေးစတင်လှုပ်ရှားခဲ့သည့်...
March 20, 2024
ရခိုင်ပြည်နယ် မှတ်ပုံတင်အမှတ် ၁၁/ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီမှ...