တစ်ချို့အိမ်လေးတွေမှာ ဘက်ထရီအိုးနဲ့ ဆိုလားပြားသေးသေးလေးကို အမှီပြုပြီး မီးရောင်အောက်မှာ စကားစမြည်းပြော ဆိုနေကြပါတယ်။ ဆိုလာပြားမတတ်နိုင်တဲ့ အိမ်တွေအဖို့တော့ ဖယောင်းတိုင်ငယ်လေးနဲ့ပဲ လင်းနေကြပါတယ်။
ဒီရွာလေးဟာ ကယားပြည်နယ်ထဲမှာ လူသိမများသေးတဲ့ အကြီးဆုံး အလှပဆုံးရေတံခွန်လေးကို ပိုင်ဆိုင်ထားကြတဲ့ ကာပရူးရွာလေးပဲ ဖြစ်ပါတယ်။
ကာပရူးရွာလေးဟာ အိမ်ခြေ ၁၅အိမ်နဲ့ တည်ရှိနေတဲ့ ကယောလူမျိုးတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ် နယ်စပ်လေးမှာ တည်ရှိနေတဲ့ ရွာလေးပါ။ ရော်ဒိုခေါကျေးရွာအုပ်စု ၊ ဖရူဆိုမြို့နယ်ထဲက ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့ကနေ တောင်ငူလမ်းဘက်အတိုင်းသွားရင် ယာဒိုရောက်ပြီဆိုရင် ကေကောလမ်းခွဲဘက် ကနေတက်သွားတဲ့ဘက်ကို ဆိုင်ကယ်နဲ့ နာရီဝက်ဆက်သွားရင်ရောက်ပါတယ်။
ရွာသစ်/ဟောင်းဆိုပြီး ခွဲထားတာရှိပါတယ်၊ ၃ရွာပေါင်းလိုက်ရင် အိမ်ခြေပေါင်းလိုက်ရင် ၄၀လောက်ပဲရှိတဲ့ ရွာလေးဖြစ်ပါတယ်။
လျှပ်စစ်မီးမရှိ၊ ဆေးရုံ ဆေးခန်းမရှိတဲ့ တောရွာလေးဖြစ်ပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေ ကင်းပြီး အချင်းချင်း ရိုင်းပင်းကူညီကြဖို့ အဆင်သင့်ရှိတဲ့ ရွာလေးပဲဖြစ်ပါတယ်။
ရွာထိပ်လေးမှာ သူတို့ကိုးကွယ်တဲ့ ဘုရားကျောင်းငယ်လေးတစ်ဆောင်ရှိပြီး ကျိုးတိုးကျဲတဲနဲ့ မြေလေးနည်းနည်းညီတဲ့နေရာမှာ အိမ်လေးတည်ထားကြပါတယ်။ လူနေမှုအဆင့်အတန်း ဆင်းရဲကြပေမယ့် စိတ်ဓတ်ပိုင်းဆိုင်ရာ လူမှုရေးအရာမှာ မဆင်းရဲကြပါဘူး။
သူတို့အိမ်လေးကို ရောက်ပြီဆိုတာနဲ့ ရိုးရာခေါင်ရည်လေးနဲ့ အရင်ဆုံးကြိုဆိုနေပါတယ်။
ဧည့်ဝတ်ပျူငှါလှပါတယ်။ သူတို့ရွာကလေးထဲမှာ သူတို့ပိုင်ဆိုင်တဲ့ မြေကွက်လေးတွေပေါ်မှာ ဖာလာစိုက်၊ တောင်ယာစပါးစိုက်ရင်းနဲ့ အေးအေးချမ်းချမ်းနဲ့နေထိုင် လုပ်ကိုင်စားသောက်နေကြပါတယ်။
၂၀၀၈ ခုနှစ်က ပြည်တွင်း မငြိမ်မသက်မှုကြောင့် တစ်ရွာလုံးရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ဖို့ အခြေအနေကျရောက်လာခဲ့ရပါတယ်။
အဲဒီတုန်းက ရာသီချိန်ကလည်း အေးချမ်းတဲ့ဆောင်းအဝင်၊ တစ်နှစ်ပတ်လုံးရဲ့ စားနပ်ရိက္ခာအတွက် ကောက်ရိတ်သိမ်းရမယ့်ရာသီဖြစ်ပေမယ့် ကောက်မရိတ်သိမ်းရသေးချိန်လို့ ထွက်ပြေးသွားခဲ့ဖူးတဲ့ သူဦးလေးတစ်ယောက်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်တုန်းက တစ်ရွာလုံး စားနပ်ရိက္ခာအတွက်မစုဆောင်းရသေးတော့ အခက်အခဲ၊ ဒုက္ခအတိရောက်ခဲ့ကြရပါတယ်။
ရွာမှာရှိနေတဲ့ ကလေးလူကြီး၊ လူငယ် အဖိုးအဖွားတွေကို သန်မာနေသူတွေက လက်တွဲခေါ်ပြီး အခြားရွာတွေမှာ တိမ်းရှောင်နေ ခဲ့ကြရပါတယ်။
ကလေးငယ်တစ်ဖက်နဲ့ တရက်နှစ်ရက်ဝမ်းရေးကို ဖြေရှင်းပေးနိုင်မယ့် ဆန်နို့ဆီဗူး လုံး ၅၀/၆၀လောက်ကို ပုဆိုးထဲထည့်လွယ် ကလေးအတွက် အဝတ်အစားတစ်စုံနှစ်စုံယူပြီး ထွက်လာခဲ့ရတယ်လို့ ဦးဂျိုးဇက်(အမည်ရင်းမဟုတ်)က သူဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
“ကျနော့်ကလေးငယ်ကို ကျနော်ဂုတ်ပေါ်မှာတင်ထားတယ်၊ ပြီးတော့ ကျနော်တို့မိသားစု သူများအိမ်မှာစားဖို့ ဆန်းလေးနည်းနည်းကို ပုဆိုးထဲမှာထည့်ပြီး လွယ်သွားတယ် ကျနော်တို့ ဟိုး…ဘက်က ရွာလေးမှာ သွားခိုနေရတာပေါ့” လို့ သူကပြောပြပါတယ်။
ကာပရူးရွာလေးဟာ အရမ်းကို အေးချမ်းတဲ့ရွာလေးပါ။ နိုင်ငံရပ်ခြားကို အားကိုးပြီး သွားရောက်အလုပ်လုပ်ကိုင်နေတဲ့သူလည်း မရှိပါဘူး။
ကိုယ့်အိမ်ကိုယ့်ရာမှာနေပြီး မိဘဘိုးဘွားတွေရဲ့ အလုပ်အကိုင်တွေကိုပဲ ပြန်လက်ဆင့်ကမ်းလုပ်ကိုင်နေခဲ့ကြပါတယ်။
ဘိုးဘွားတွေရဲ့အလုပ်အကိုင်ဟာလည်း အစဉ်အဆက်ဖာလာစိုက်ကြတဲ့ အလုပ်ပဲလုပ်ကိုင်ခဲ့တာပါ။ ဖာလာစိုက်ရင်း မိုးရာသီလေးမှာ တောင်ယာစပါးလေးတွေကိုပါ စိုက်ပျိုးကြပါတယ်။
ဆန်စပါးက မိသားစုစားဖို့အတွက်ဖြစ်ပြီး ဖာလာစိုက်တာဟာ အပိုဝင်ငွေလေးရရှိအောင်လို့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
ဒါပေယ့် သူတို့ရွာ အေးအေးချမ်းချမ်းနေနေကြသလောက် ရပ်ရွာကနေ တိမ်းရှောင်နေရတော့ နောက်ပိုင်းသူတို့ကျေးရွာလေး မငြိမ်မသက်ဖြစ်တော့ တကွဲတပြားဖြစ်ကုန်ကြပါတယ်။
အခြားအသိတွေရဲ့အိမ်မှာ ခိုနေရတာလည်း သိပ်အဆင်မပြေကြရှာပါဘူး။ ကိုယ့်ဆီမှာ ပါလာတဲ့စားစရာတွေ ကုန်ခါနီးအချိန်တွေ၊ သားသမီးလေးတွေ ဖျားနာတဲ့အချိန်တွေဆိုရင် ပိုပြီး အကြပ်အတည်းရောက်ရကြပါတယ်။
သူများသားသမီးတွေ မုန့်တွေစားနေရင် ကိုယ့်သားသမီးက မစားရတော့ အားငယ်ရတယ်။
နေစရာမရှိတော့ သူများအိမ်ရဲ့အောက်၊ ခြေတံရှည်အိမ်လေးတွေရဲ့ အောက်မှာ အကာလေး ကာပြီးနေနေခဲ့ရပါတယ် လို့ ဦးဂျိုးဇက်က ဆက်ပြောပြပါတယ်။
သူများတွေရဲ့ ရပ်ရွာမှာ ခေတ္တနားနေပြီးနောက် ခုနှစ်အခြေအနေနည်းနည်း ပြန်တည်ငြိမ်လာချိန်မှာတော့ တစ်ယောက်စ နှစ်ယောက်စ ကိုယ့်အိုးအိမ်ရှိရာကို ပြန်လာကြပါတယ်။
အချိန်တန်တော့ စားသောက်ဖို့အတွက် စိုက်ပျိုးရေးကိုလည်း ပြန်လည်လုပ်ကိုင်လာကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မိသားစုအတော်စုံစုံလင်လင် ပြန်လာနေထိုင်ကြပါတယ်။
သူတို့ရွာလေးကလည်း တဖြည်းဖြည်းပြန်လည် အသက်ဝင်လာပါတော့တယ်။ ကာပရူးရွာလေးမှာ လက်ရှိအချိန်ထိ အစားအသောက်တွေ ခက်ခဲနေတုန်းပါပဲ။
ကိုယ့်ဒေသမှာထွက်တဲ့ သားငါးတွေပဲစားကြတယ်၊ ကိုယ့်ခြံထဲက ထွက်လာတဲ့ သီးနှံတွေကို ခူးဆွတ်ပြီးစားကြတယ်။
တောထဲမှာ အမဲလိုက်ထွက်ရင်လည်း ရွာထဲမှာရှိတဲ့ မုဆိုးတွေစုပေါင်းပြီး အမဲတူတူလိုက်ကြ၊ ရလာတဲ့အမဲတွေကို အိမ်ပြန်ရောက်ရင် မျှဝေပြီး ပျော်ပျော်ပါးပါးစားသောက်ကြတယ်။
အိမ်ခြေကလည်း နည်းတော့အိမ်တိုင်းစေ့ ဝေစားနိုင်ကြပါတယ်။
ကရင်ပြည်နယ်နဲ့ နီးစပ်တော့ သူတို့စိုက်ခဲ့တဲ့ ဖာလာလေးတွေကို တောင်ငူကိုတင်ပို့လို့အဆင်ပြေနေတယ်။
သူတို့ရွာလေးအတွက် စိန်ခေါ်မှုလေးတွေကတော့ ဖာလာတွေကို တောင်ငူကိုပို့တော့ စစ်ဆေးရေးဂိတ်တွေဖြတ်ရတယ်၊ အဖွဲ့အစည်းဂိတ်တွေကိုလည်း ဖြတ်ရတယ်၊ အဲ့တော့ ဖြတ်ရတဲ့အခိန်မှာ ဂိတ်ကြေးတွေကိုပေးရတယ်၊ ဂိတ်တွေများတော့ ဖာလာအရနည်းသူတွေအတွက်ကတော့ ကိုယ့်အတွက်မကျန်တော့ဘူးလို့ ပြောကြပါတယ်။
လမ်းပမ်းဆက်သွယ်ရေးမကောင်းတော့ ကျေးရွာလေး တိုးတက်မှုနှေးနေရတယ်။ နယ်စပ်မှာနေထိုင်သူတွေရဲ့ အဓိကအလိုရှိနေတာကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ပဲ အလိုရှိနေကြတာပါ။
တနေ့နေ့ တချိန်ချိန်မှာ နယ်စပ်လမ်းလေးဟာ လမ်းကောင်းကောင်းနဲ့ ကရင်နဲ့ ကယားအတွက် စျေးကွက်ကောင်းတဲ့ နေရာလေးဖြစ်စေချင်ကြပါတယ်။
ဒါကြောင့် သူတို့ရွာလေး လမ်းကောင်းဖို့အတွက် ၂၀၁၆ ခုနှစ်တုန်းက ကိုယ်ထူကိုယ်ထ ဆိုင်ကယ်လမ်းကနေ ကားလမ်းပေါက်အောင် ဖောက်လုပ်ခဲ့ကြပါတယ်။
“ကျမတို့ ဆိုင်ကယ်လမ်းတောင်အဆင်မပြေလို့ ကလေးတွေ ဖျားနာလို့ ဆေးခန်းသွားရပြီဆိုရင် တအားကြတယ် ဆေးခန်းကို ယာဒိုအထိသွားရတာကော” လို့ ကလေးငယ်ရဲ့အမေတစ်ယောက်က ပြောပါတယ်။
ကျေးရွာမှာ ခန်းမဆောင်မရှိ၊ မီးမရှိတော့ ရွာလယ်မှာ မီးပုံ ပုံပြီး လူငယ်တွေဝိုင်းဖွဲ့ အစည်းအဝေးလုပ်၊ အကတိုက်တာတွေကို ပျော်ပျော်ပါးပါးလုပ်နေကြပါတယ်။
ကာပရူးရွာလေးဟာ အမှောင်ထဲမှာနေတာကြာပြီမို့လားမသိ လျှပ်စစ်မီးရဖို့ မမျှော်ချင်ဘူး လမ်းကောင်းဖို့ကိုပဲ လိုချင်နေကြပါတယ်။







