သောင်းနှင့်ချီသည့် ကရင်နီစစ်ဘေးရှောင်များကို နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများပေးစေလိုကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောသည်။
ပီးကင်းကောခူ စစ်ဘေးရှောင်စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက “နိုင်ငံတကာအကူအညီတွေ တိုက်ရိုက်လာပြီး လာကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းမယ် အရမ်းလည်းထိရောက်မယ်။ အထူးသဖြင့်ကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအတွက်ရယ်၊ နောက်ပြီးတော့ အခုရွာတွေ မှာ စစ်တပ်တွေ ရမ်းသမ်းပစ်လို့ ဒဏ်ရာထိသွားတဲ့လူတွေ အများကြီးရှိတယ်။ ကျနော်တို့ Camp နဲ့ သိပ်မဝေးပဲ လေးငါးခြောက်မိုင်မှာရှိတယ်။ အဲဒီ Camp တွေမှာလည်း ဒဏ်ရာရတဲ့သူတွေ အကြီးအကျယ် ဆယ်ယောက်ထက်မနည်း ရှိတယ်ပေါ့နော်။ အဲဒီလူအတွက် နိုင်ငံတကာက ဝင်လာပေးနိုင်မယ်ဆိုရင် ကျနော်တို့ကတော့ အရမ်းဝမ်းသာမိမှာပဲ” ဟု ပြောသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့်မြို့များမှ တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ စားသောက်နေထိုင်ရေးအပြင် အဖက်ဖက်မှ ခက်ခဲမှုမျိုးစုံ ရှိလာသည့်အတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများပေးရန် တောင်းဆိုသည်ဟု စစ်ဘေးရှောင်များ ကို အကူအညီပေးနေသည့် အမည်မဖော်လိုသူတစ်ဦးကလည်း ပြောသည်။
၎င်းက “အကြပ်အတည်းဖြစ်နေတဲ့အချိန်မှာ ကျတော့ ပြည်တွင်းအနေနဲ့လည်း ထောက်ပံ့မှုက ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ပေါ့။ တစ်မြို့နဲ့တစ်မြို့ ချိတ်ဆက်မှုတွေကလည်း ခက်ခဲတယ်ပေါ့နော်။ ဒါ ပြည်ပအကူအညီလည်း လိုအပ်တယ်ပေါ့” ဟု ပြောသည်။
စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ၏ လက်လှမ်းမှီသလောက် ကောက်ယူထားသည့်စာရင်းအရ ကရင်နီပြည်နယ်တွင် လက်ရှိ အချိန်အထိ တောတောင်ထဲတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း အခု ၂၀ ကျော်ခန့်ရှိနေပြီး ထိုထက်မကလည်း ရှိနေနိုင်သည်ဟု ဆိုသည်။
အဆိုပါ စစ်ရှောင်စခန်းများတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ရှိနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်ထဲတွင် ယခုခါ စစ်ရှောင်ပြည်သူ လေးသောင်းကျော်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်မခွဲခြားပဲ ပစ်ခတ်နေမှုများ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲအပြင် စစ်ရှောင်များအား သွားရောက်ကူညီနေသူများအား ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ရိက္ခာသွားရောက်ထောက်ပံ့ရေးတွင် ပိုမိုခက်ခဲလာသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီမှာ ဒုက္ခသည်များတယ်ပေါ့နော်။ ဒီးမော့ဆိုမြို့ တစ်မြို့အနေနဲ့ဆိုရင် လူဦးရေ ခြောက်သောင်းကျော် ခုနှစ်သောင်းဝန်းကျင်ရှိတယ်။ အဲဒီမှာ လူထု သက်ကြီးရွယ်အို ကလေးသူငယ်တွေ လေးသောင်းကျော် ရှိမှာပေါ့နော်။ လေးသောင်းဝန်းကျင်လောက်ရှိမယ်။ အဲဒီလူတွေက သူတို့လွတ်ရာကို ဗုံးတွေ ဘာတွေ တအားပစ်ခတ်မှုများတော့ သူတို့ ရှောင်တိမ်းတာတွေရှိတယ်။ နောက်တစ်မြို့က ကျနော်တို့ ဖယ်ခုံ၊ မိုးဗြဲပေ့ါနော် မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့မှာလည်း စစ်ဘေးရှောင်တဲ့လူတွေ များတယ်ပေါ့။ နောက်တစ်ခုက အဓိကမြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့မှာလည်း လူဦးရေ သုံးပုံတစ်ပုံလောက် အခု ရှောင်ကုန်ပြီပေါ့နော်။ အဲဒါဆိုတော့ ခန့်မှန်းခြေက လူဦးရေ စစ်ရှောင်တဲ့သူက တော်တော်များပြီ။ များနေပြီပေါ့။ ဒီးမော့ဆို တစ်မြို့ထဲတောင်မှ လေးသောင်းဝန်းကျင်ရှိပြီပေါ့နော်” ဟု ပြောသည်။
စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များအပြင် အခြေခံအသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများလည်း အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ဆိုသည်။
ထို့အပြင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ကရင်နီ စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှုမရှိတော့သည့်အတွက် နီးစပ်ရာမြို့များသို့ ရွှေ့ပြောင်းနေထိုင်ရသူများရှိနေပြီး အများစုမှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေသည့်အတွက် လက်ရှိတွင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။







