နမ့်ဖတ်ကာတိုက်ပွဲ စစ်ကောင်စီ ဒု-တပ်ရင်းမှူး တစ်ဦးကျ၊ ညီနောင်မဟာမိတ်များ လက်နက်များ သိမ်းဆည်းရမိ

နမ့်ဖတ်ကာတိုက်ပွဲ စစ်ကောင်စီ ဒု-တပ်ရင်းမှူး တစ်ဦးကျ၊ ညီနောင်မဟာမိတ်များ လက်နက်များ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ်၏ စခန်းအချို့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူးတစ်ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု ကိုးကန့်သတင်းဌာနက ရေးသားထားသည်။

မေလ ၃၁ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီခွဲအချိန်ခန့်ကစတင်ပြီး နမ့်ဖက်ကာကျေးရွာထဲတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တတ်ဗျ၊ တိုက်ပွဲဖြစ်တာ တော်တော်ပြင်းထန်တယ်၊ ကျနော်တို့ နမ့်ဖက်ကာက EPC ရုံးဝန်းထဲက တပ်ကိုလည်း ဝင်တိုက်တယ်။ မနက် ၁၂ နာရီကျော်ကျော်လောက်နေဖြစ်တာ မနက် ၄ နာရီလောက်မှ သေနတ်သံတွေ တိတ်သွားတယ်ဗျ။ သေတယ်ဆိုတာလည်း ဟုတ်တယ်ဗျ။ EPC ရုံးဝန်းထဲက စစ်သားတွေသေတာ။ ၁၀ ယောက်လား ၁၁ ယောက်မသိဘူး။ နောက်ပြီး EPC ရုံးအစောင့် အဖိုးကြီးတစ်ယောက်လည်း သေတယ်လို့ ပြောတယ်။ သူကတော့ အရပ်သားပေါ့နော်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးတစ်ဦးလည်း လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နမ့်ဖက်ကာဒေသခံများက ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ဟုတ်ကဲ့ ကျနော်တို့ သတင်းပေါ်မှာပဲ တွေ့ရသေးတယ်။ ကျနော်တို့လူတွေနဲ့ မနက်ကတည်းက ဖုန်းခေါ်တယ် အဆက်အသွယ်မရသေးဘူး။ ဖုန်းက တစ်ယောက်မှ ခေါ်လို့မရသေးဘူး။ ဖုန်းမရသေးတော့ အတည်ပြုလို့တော့ မရသေးဘူး။ ဖုန်းတွေက ခေါ်မရသေးဘူး။ ကျနော်တို့လည်း လိုင်းပေါ်ကသတင်းတွေပဲ ဖတ်ရသေးတယ်” ဟု ပြောသည်။

သို့သော် The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် လက်နက်များနှင့်အတူ မူးယစ်ဆေးဝါးအနည်းငယ်ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားထားသည်။

MNDAA - ကိုးကန့်တပ်ဖွဲ့၏ တပ်မဟာ ၅၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု The Kokang လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပြီး၊ သိမ်းဆည်းရမိသည့် လက်နက်များ၏ ဓါတ်ပုံကိုလည်း တွဲတင်ထားသည်။

The Kokang က Facebook စာမျက်နှာတွင် “ရက္ခိုင်တပ်၊ ကိုးကန့်တပ်များနှင့် ဗမာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်သားများ၏ အလောင်းများကို တွေ့ရှိခဲ့ရကြောင်း၊ လက်နက်များနှင့် စစ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း၊ ဒု-တပ်ရင်းမှူးတစ်ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိရကြောင်းနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကိရိယာအချို့ကိုလည်း သိမ်းဆည်းရမိသည်” ဟု ရေးသားထားသည်။

မေလ ၃၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ်ကြားတွင် စစ်ကောင်စီတပ်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားများဒီမိုကရက်တစ်တပ်ပေါင်းစုတပ်မတော် (MNTJP/MNDAA-ကိုးကန့်) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညီနောင်မဟာမဟာမိတ်အဖွဲ့တွင် ကိုးကန့် (NMDAA)၊ တအန်း (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...