ရှမ်းနီအမျိုးသားများတပ်မတော် ဒု-ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရ

ရှမ်းနီအမျိုးသားများတပ်မတော် ဒု-ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရ

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော် လုပ်ကြံခံရပြီး ကျဆုံးသွားသည်ဟု SNA က ပြောသည်။

မေလ ၂၆ ရက်နေ့က သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရပြီး တစ်ရက်အကြာ မေလ ၂၇ ရက်နေ့တွင် ကျဆုံးသွားသည်ဟု SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

၎င်းက “အဓိကကတော့ အနီးကပ်လုပ်ကြံခံရတာပေါ့။ အနီးကပ်လုပ်ကြံခံရတော့ ဘယ်လိုခေါ်မလဲ ဒီအတွင်းစည်းထဲဝင်ပြီးမှ လုပ်ကြံခံရတာဖြစ်တယ်။ လုပ်ကြံခံရတာတော့ တစ်နေ့ကလုပ်ကြံခံရတာ ဆုံးတာတော့ မနေ့ကဆုံးတယ်လေ” ဟု ပြောသည်။

အဆိုပါ လုပ်ကြံခံရမှုအတွင်း ရှမ်းနီအမျိုးသားများတပ်မတော်က တပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SNA ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“တစ်ခြားဘေးနားက သူ့ရဲ့ လုံခြုံရေးတပ်စိပ်မှူးထိတယ်။ သူ့ရဲ့ လုံခြုံရေးတပ်စိပ်မှူးရယ်၊ စဝ်ခွန်ကျော် လုံခြုံရေးရယ် ၂ ယောက်ပေါ့” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

လက်ရှိတွင် လုပ်ကြံသူအား SNA က ဖမ်းဆီးချုပ်နှောင်ထားပြီး လုပ်ကြံမှုတွင် ပါဝင်သူ ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်သွားမည်ဟု ဆိုသည်။

SNA ဒု-စစ်ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံခံရမှုမှာ ရန်ငြိုးရန်စကြောင့်မျိုးမဟုတ်ပဲ ရန်သူဖက်မှ အစီအစဉ်တကျစီစဉ်ကာ လုပ်ကြံသတ်ဖြတ်ခြင်းမျိုးဖြစ်သည့်အတွက် လက်တုန့်ပြန်သွားမည်ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

“အဓိကကတော့ ရန်သူရဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပြီးမှ ဝင်လာတာပါ။ ရန်ငြိုးရန်စဆိုပြီး အဲလိုမျိုးမရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရမှ မဟုတ်တာ။ တစ်မျိုးသားလုံးက ဆိုင်တဲ့အထိဖြစ်တာကိုး ဒီဟာကတော့ ယုတ်မာပက်စက်တဲ့ လုပ်ရပ်တစ်ခုလိုပဲ ကျနော်တို့ကမြင်တယ်။ ရှုတ်ချတယ်။ ဒါပေမယ့် ကျနော်တော့ အဲဒါကို ပြန်ပြီးမှ တုန့်ပြန်လိမ့်မယ်လို့ ကျနော်ကတော့ အဲလိုပြောချင်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်စဝ်ခွန်ကျော် ကျဆုံးသွားခြင်းကြောင့် ရှမ်းနီအမျိုးသားရေးလှုပ်ရှားမှုအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေသည့်အပြင် ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေးတာဝန်များအတွက်လည်း အခက်အခဲဖြစ်စေသည်ဟု SNA က ဆိုသည်။

မိုးညှင်းမြို့နယ် မော်ဟန်ဇာတိဖြစ်သူ ဗိုလ်ချုပ်စဝ်ခွန်ကျော် (ခေါ်) သံချောင်း (ခေါ်) ဦးမြင့်စိုးမှာ ၈၈ လူထုလှုပ်ရှားမှုကာလအတွင်းက လက်နက်ကိုင်တော်လှန်ရေးလုပ်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေတွင် တောခိုခဲ့သည်။

KIA နယ်မြေရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - မြန်မာပြည်မြောက်ပိုင်း (ABSDF-NB) တွင် ဒု-ဥက္ကဌနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကေအိုင်အေက ထိုအချိန်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၁၉၉၄ ခုနှစ်တွင် ပြုလုပ်ပြီးနောက်ပိုင်း ရဲဘော်အချို့နှင့်အတူ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်အမျိုးသားတပ်မတော် SSNA နယ်မြေတို့တွင် အခြေပြုပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆက်လုပ်ရန်ကြိုးပမ်းခဲ့သည်။

အပစ်ရပ်အဖွဲ့များအား မြန်မာစစ်တပ်မှဖိအားပေးမှုကြောင့် နောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တွင် တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၅ ခုနှစ်အကုန် ၂၀၀၆ ခုနှစ်ဆန်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။

သမ္မတဦးဝင်းမြင့်လက်ထက် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် ရှမ်းနီအမျိုးသားများတပ်မတော်တွင် ဒု-စစ်ဦးစီးချုပ်အဖြစ် တာဝန်များ ဆက်လက်ထမ်းဆောင်ခဲ့သည်။

သေဆုံးသည့်အချိန်တွင် ဇနီးဖြစ်သူ ဒေါ်မာမာထွန်းနှင့် သမီးနှစ်ဦး ကျန်ရစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...